BEC-TERO TV

ကွန်လွန်သွားသော ဘုရင်မင်မြတ်နှင့် သူ့ကိုချစ်သောထိုင်းပြည်သူများ

14 Oct 2016     1,542 Views


ကမ္ဘာပေါ်တွင် ထီးနန်းသက်အရှည်ဆုံးမင်းတစ်ပါး၊ နှစ်ပေါင်း ၇၀ ကြာ ထိုင်းနိုင်ငံကို အုပ်ချုပ်စိုးစံခဲ့သည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒေ့ခ်ျသည် အောက်တိုဘာလ ၁၃ ရက်နေ့(ကြာဿပတေး) ညနေ ၃ နာရီ ၅၂ မိနစ် အချိန်က သက်တော် ၈၈ နှစ်အရွယ်တွင် နတ်ရွာစံကံတော်ကုန်သွားခဲ့ပြီဖြစ်သည်။ 
 
“ဘုရင်မင်းမြတ်က ငြိမ်းအေးသက်သာစွာ ကံတော်ကုန်ခဲ့တာပါ” ဟု ထိုင်းဘုရင်နန်းတော်က ထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားပါတယ်။
လွန်ခဲ့သော တစ်နှစ်လောက်ထဲက ဘုရင်ဘူမိဘောရဲ့ ကျန်းမာရေးက တရှောင်ရှောင်ဖြစ်လာတဲ့အတွက် ဘန်ကောက်မြို့ရှိ သီရီရတ်ဆေးရုံးကြီးမှာ တက်ရောက်ကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။ နန်းတော်တွင်းက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တွင် ဘုရင်ဘူမိဘောဟာ သွေးပေါင်တွေကျနေပြီး သူ့ရဲ့ အသည်းဟာလည်း ပုံမှန်အလုပ်မလုပ်တော့သလို သွေးစစ်ချက်တွေမှာလည်း ရောဂါပိုးကူးစက်မှု လက္ခဏာတွေ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
 
“သို့ပေမယ့်လည်း ဆရာဝန်တွေက တစ်ဖြည်းဖြည်း ယိုယွင်းလာတဲ့ ကျန်းမာရေးအခြေအနေကနေ ဘုရင်မင်းမြတ်ကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်” လို့ ဘုရင်မင်းမြတ် ကွယ်လွန်ကြောင်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။  
 
ဘုရင်ကြီးရဲ့ ရုပ်အလောင်းကို သောကြာနေ့(ယနေ့) နေ့လည် ၁ နာရီမှာ သီရီရတ်ဆေးရုံကနေ နန်းတော်ကြီးရဲ့ အနားမှာရှိတဲ့ မြဘုရားကျောင်းဆောင်ဆီကို ရွေ့ပြောင်းသယ်ယူမှာဖြစ်ပါတယ်။  သောကြာနေ့(ယနေ့) ကနေ စတင်ပြီး ရက်ပေါင်း ၃၀ အထိ အစိုးရရုံးဌါန အဆောက်အဦနဲ့ စာသင်ကျောင်းတွေမှာ နိုင်ငံတော်အလံကို တိုင်တစ်ဝက်မှာ လွှင့်ထူဖို့ ထုတ်ပြန်ထားပြီး ဘုရင်ကြီးကို လွမ်းဆွတ်တတမ်းမှု ကာလကို ၁ နှစ် တရားဝင်သတ်မှတ်ကြေငြာထားပါတယ်။
နောက်ထပ် ရက်ပေါင်း ၃၀ အတွင်းမှာ ပွဲတော်များကျင်းပပြုလုပ်ခြင်းကို ရှောင်ကျဉ်ပြီး တစ်နှစ်ပတ်လုံး အနက်ရောင်ကို ဝတ်ဆင်ကြဖို့ ထိုင်းလူမျိုးတွေကို တိုက်တွန်းထားပါတယ်။
 
ထိုင်းဝန်ကြီးချုပ် ပရာရတ်ချန်အိုချ ရဲ့ကြေငြာချက်ကို ထိုင်းရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပြီး အဆိုပါကြေငြာချက်တွင် ဘုရင်မင်းမြတ် ဘူမိဘောဟာ ထိုင်းလူမျိုးတွေရဲ့ အထူးချစ်ခင်ခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ပြောကြားသွားပါတယ်။
“အစိုးရအနေနဲ့ တိုက်တွန်းလိုတာက ဘုရင်မင်းမြတ် ကောင်းကင်ဘုံမှာ ငြိမ်းချမ်စွာရှိနေဖို့ ထိုင်းပြည်သူတွေအနေနဲ့ ဆုတောင်းကြပါ။ ဘုရင်ကြီးအုပ်ချုပ်ခဲ့စဉ်ကာလတွေမှာ ပြည်သူတွေ စိတ်အေးချမ်းသာစွာ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ကြရပါတယ်” ဟု ပြောသွားခဲ့သည်။
 
“ဘုရင်ကြီးကွယ်လွန်သွားခဲ့ပေမယ့် သူချမှတ်ပေးခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်လက်ထိန်သိမ်းလိုက်နာရင်း နိုင်ငံသားကောင်းတွေအဖြစ် ခံယူကြပါ”.
အထူးပြုလုပ်ကျင်းပတဲ့ ထိုင်းအမျိုးသားအစည်းအဝေးမှာ အစည်းဝေးတက်ရောက်လာကြသော အဖွဲ့ဝင်များက ဘုရင်ကြီးကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ၉ မိနစ်ခန့် ငြိမ်သက်စွာ နေပေးခဲ့ကြပါတယ်။ 
 
ဘုရင်ဘူမိဘောဟာ ချက်ကရီမင်းဆက်ရဲ့ ၉ ဆက်မြောက် ဘုရင်ဖြစ်ပြီး ရာမ ၉ ဘုရင်လို့လည်း အသိမှတ်ပြုခံထားရသူပါ။
ဘုရင်ဘူမိဘောရဲ့ ထီးနန်းကိုဆက်ခံမယ့် ပုဂ္ဂိုလ်မပါပဲ အထူးအစည်းဝေးပွဲကြီး ပြီးဆုံးသွားခဲ့ပြီး ထိုင်းဝန်ကြီးချုပ်က အဆိုပါထီးနန်းလွှဲပြောင်းရေးကိစ္စကို နောက်ပိုင်းမှ ဆက်လက်စီစဉ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
 
ထိုင်းအိမ်ရှေ့မင်းသား မဟာဗဂျီရာလောင်ကွန်းက ဖခင်၏ထီးနန်းကို ဆက်ခံဖို့မျှော်လင့်နေသော်လည်း ထိုင်းပြည်သူတွေ ဖခင်ဘုရင်ကြီးကို လွမ်းဆွတ်ဖို့အချိန်ပေးထားဖို့ ဆန္ဒပြုထားပါတယ်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်တစ်ခုကို စောင့်ကြတာပေါ့ဟု ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောသည်။
 
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ကွယ်လွန်ချိန်တွင် မိဖုရားသီရီကစ် အသက် ၈၄ နှစ်၊ အိမ်ရှေ့မင်းသား မဟာဗဂျီရာလောင်ကွန်း၊ သမီးတော် ၃ ပါးဖြစ်သည့် သမီးတော် အူဘောရတနာ၊ သမီးတော် မဟာချက်ကရီသီရီဒုံ နှင့် သမီးတော် ချူလက်ဟွန်း ဝါလီလက် တို့ ကျန်ရစ်ခဲ့ကြသည်။
 
 
ဘုရင်ကြီးကွယ်လွန်ကြောင်း ကြေငြာချိန်တွင် ထိုင်းပြည်သူများ သီရီရတ်ဆေးရုံကြီးသို့ လာရောက်စုရုံးကြပြီး ဝမ်းနည်းကြေကွဲစွာ မျက်ရည်ဖြိုင်ဖြိုင်ဖြစ်ခဲ့ကြပါတယ်။ ဘုရင်ကြီး ဆေးကုသမှုခံယူနေစဉ်ကလည်း ပြည်သူအတော်များများက ဆေးရုံအဆောက်အဦးရှေ့မှာ ဒူထောက်ဂါရဝပြု ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဘုရင်ကြီး ကွယ်လွန်ပြီး တစ်နာရီခန့်အကြာတွင် ရာနဲ့ချီသောပြည်သူတွေ ဆေးရုံဝင်းကြီးထဲမှာ ဘုရင့်ဘုန်းတော်ဘွဲ့သီချင်းတွေ သံပြိုင်သီဆိုခဲ့ကြပါတယ်။ အချို့မှာ စိတ်မထိန်းနိုင်ပဲ မူမေ့လဲကျသွားတာတွေလည်း ရှိခဲ့ပါတယ်။
 
လူမှုကွန်ယက်မီဒီယာတွေမှာတော့ ဘုရင်ကြီးရဲ့ အတ္ထုပ္ပတိနဲ့ ဓါတ်ပုံတွေကို “ဘုရင်ကြီးကို ချစ်တယ်” “ဖြစ်လေရာဘဝမှာ ဘုရင်ကြီးရဲ့ လက်အောက်ငယ်သား ဖြစ်ပါရစေ” အစရှိသည့် စာတန်းများနှင့် ဝေငှဖြန့်ဝေခဲ့ကြသည်။
 
သီရီရတ်ဆေးရုံးကြီးမှာ ဘုရင်ကြီးကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို မယုံနိုင်သေးသူများလည်း အများအပြားရှိနေပြီး ဘုရင်ကြီး ပြန်လည်ကျန်းမာလာအောင် ဆက်လက်ဆုတောင်းနေသူများလည်း ရှိနေခဲ့ကြပြီး အချို့က “ငါတို့ရဲ့ ဘုရင်ကြီးကို ပြန်ပေးပါ” ဟု အော်ဟစ်တမ်းတလျက် ရှိနေကြသေးသည်။
 
Ref:CNA

 


14 Oct 2016     1,542 Views




RELATED

Most Popular of International News

Most Popular of NEWS