BEC-TERO TV

လေကြောင်းလိုင်းကြီးအချို့က ကလေးမရှိ သီးသန့်ထိုင်ခုံဇုံ သတ်မှတ်လိုက်ခြင်းကြောင့် မိဘများ ဒေါသထွက်နေ

13 Oct 2016     1,495 Views


ရထားနဲ့ပဲဖြစ်ဖြစ်၊ ကားနဲ့ပဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ပဲဖြစ်ဖြစ် မကြာခဏ ခရီးရှည်စီးကြရသူတွေ မကြာခဏကြုံတွေ့ရတတ်တာကတော့ ယာဉ်ပေါ်မှာပါလာတဲ့ ကလေးတွေ အကြောင်းတစ်ခုခုကြောင့် ငိုယိုဆူညံတတ်ကြတဲ့  အသံတွေပဲဖြစ်ပါတယ်။ ဒီအသံတွေကို နားလည်ပေးနိုင်တဲ့သူရှိသလို၊ စိတ်ညစ်တတ်သူတွေလည်းရှိကြမှာပါပဲ။
 
အိန္ဒိယတန်ဖိုးသင့်(ဘတ်ဂျတ်) လေကြောင်းလိုင်းကြီး တစ်ခုဖြစ်တဲ့ IndiGo လေကြောင်းလိုင်းက အသက် ၁၂ နှစ်အောက် ကလေးတွေကို သီးသန့်ခွဲထုတ်ပြီး လေယာဉ်ထိုင်ခုံတွေထဲက ခုံတန်း ၈ ခုတွင် ကလေးမထိုင်ရနယ်မြေ အဖြစ် တားမြစ် ကန့်သတ်လိုက်ပါတယ်။ 
 
ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကို ပျံသန်းပြေးဆွဲနေတဲ့ IndiGo လေကြောင်းလိုင်းက၊ ခရီးသည်တွေ စိတ်လက်ချမ်းသာစွာ စီးနင်းလိုက်ပါစေရန်အတွက် လေယာဉ်ပျံခုံတန်း အမှတ် ၁ ကနေ ၄ ထိ၊ ၁၁ ကနေ ၁၄ ထိကို တိတ်ဆိတ်ဇုန်အဖြစ်သတ်မှတ်ထားပြီး အဆိုပါဇုန်ထဲမှာ ၁၂ နှစ်အောက် ကလေးငယ်တွေ လာရောက်ထိုင်စီးခွင့်မပြုတော့ပါဘူး။ ဒါ့အပြင် ကလေးတွေဟာ အရေးပေါ်တံခါးပေါက်နားက ခုံတွေနဲ့ ခြေထောက်ချရာ ကျယ်ကျယ်ပါတဲ့ ထိုင်ခုံတွေမှာပါ စီးနင်းခွင့်ရှိမှာ မဟုတ်တော့ပါဘူး။
 
ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းမှာ ကလေးငယ်များ၏ ငိုယိုအော်ဟစ်သံများကြောင့် အခြားခရီးသည်များအတွက် အနှောက်အယှက် မဖြစ်စေရန် သီးခြားစီစဉ်ကန့်သတ်လိုက်ခြင်းဖြစ်သည်။
 
ကလေးမထိုင်ရ လေယာဉ်ခုံ ကန့်သတ်ခြင်းနဲ့ ပက်သက်ပြီး အသက် ၂၃ နှစ်အရွယ် မိခင်တစ်ဦးက သူမဟာ ၁ နှစ်သားအရွယ်သားငယ်ဖြစ်သူနဲ့အတူ လေယာဉ်စီးကာ ခရီးတစ်ခုမှ မကြာသေးမီက ပြန်လာခဲ့ပြီး၊ သူ့သားဟာ နေမကောင်းဖြစ်လာလို့ လေယာဉ်ပေါ်မှာ ငိုယိုခဲ့ကြောင်း၊ တစ်နှစ်သားကလေး ငိုတဲ့ကိစ္စကို လူတွေက နားလည်ပြီးသားဖြစ်တဲ့အတွက် သူမအနေနဲ့ ရှင်းပြဖို့မလိုကြောင်း ပြောခဲ့ပါတယ်။
 
နောက်တစ်ဦးကလည်း ကလေးတွေကမှ ဆူညံတာမဟုတ်ပါဘူး၊ တချို့လူကြီးတွေလည်း အရက်မူးပြီး ဆူညံတတ်တာပါပဲ အဲဒါမျိုးဆိုရင်ရော ဘယ်လိုလုပ်မလဲလို့ ဝေဖန်ခဲ့ပါတယ်။
 
IndiGo လေကြောင်းလိုင်ရဲ့ ဆုံးဖြတ်ချက်ကို အထက်ပါအတိုင်း ဝေဖန်ဒေါသထွက်သူများရှိသကဲ့သို့ ဝမ်းသာထောက်ခံသူများလည်း ရှိပါတယ်။
တွစ်တာသုံးသူတစ်ဦးက ဒါအတော်စိတ်ဝင်စားစရာကောင်းတာပဲ၊ လေယာဉ်အကြာကြီး စီးတိုင်း ကလေးတွေအသံနဲ့ နှိပ်စက်တာ အတော်ခံခဲ့ရတယ် ဟု ရေးသားခဲ့သည်။
 
နောက်တစ်ဦးကတော့ ကလေးမဲ့ဇုန်တွေ နေရာတိုင်းမှာရှိရင်ကောင်းမယ်ဟု ထောက်ခံရေးသားခဲ့သည်။
 
၂၀၁၄ ခုနှစ်က စစ်တမ်းအရ ခရီးသည် ၇၀% ကပုံမှန်စီးနင်းပြီး ခရီးသည် ၃၅% လောက်ကတော့ အခကြေးငွေအပိုပေးပြီး သီးသန့် ကလေးမရှိတဲ့နေရာက ခရီးသွားချင်ကြောင်း တွေ့ရှိခဲ့ရသည်။ 
 
IndiGo လို လေကြောင်းလိုင်းကြီးက အခုလို ကလေးများအတွက် ကန့်သတ်ထိုင်ခုံ နယ်မြေခွဲခြားခြင်း ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ အခြားအာရှလေယာဉ်လိုင်း အသေးတွေကလည်း သီးသန့်ဝန်ဆောင်မှုတွေ ဖန်တီးပြီး ယခုလိုအပြောင်းအလဲမျိုးကို လုပ်လာကြဖို့ရှိနေပါတယ်။
 

13 Oct 2016     1,495 Views




RELATED

Most Popular of International News

Most Popular of NEWS