မြန်မာနိုင်ငံသားများအား ကာကွယ်ရေးသည် နံပါတ်တစ်ဦးစားပေး ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
13 Oct 2016 1,342 Views

လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စများသည် ဘာသာရေး ပဋိပက္ခများမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရ ခြင်းဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် နံပါတ်တစ် ဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်သည်များကိုလည်း နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Bert Koenders အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဌာနအကြီးအကဲ Ms. Mira Wolberg နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မိမိနိုင်ငံ ဗြိတိသျှကိုလိုနီ လက်အောက်ကျရောက်စဉ် ဘင်္ဂလားနယ်မှခေါ်လာသည့် ဘင်္ဂါလီများ မြန်မာနိုင်ငံ ရခိုင်ဒေသသို့ရောက်ရှိပြီး မပြန်တော့ခြင်းမှ ဒေသခံများနှင့် ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် မြန်မာနိုင်ငံဓလေ့ထုံးစံများကို လိုက်နာခြင်းမရှိသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ ၎င်းဘင်္ဂါလီများအနေဖြင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနှင့်အညီစစ်ဆေးမှုကို ခံယူခြင်း၊ ဥပဒေနှင့်ညီညွတ်သူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်း၊ ဥပဒေနှင့်မကိုက်ညီ သည်များကိုလည်း UNHCR ၏ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်မှုများအား အကောင်းဆုံး ကူညီလုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထိုသို့ရှင်းလင်းပြောကြားမှုအပေါ် ဧည့်သည်တော်ဝန်ကြီးက ရခိုင်ဒေသဖြစ်စဉ်မှာ ဆွေစဉ်မျိုးဆက် စဉ်းစားလုပ်ဆောင်ရခြင်း၊ အခြားနိုင်ငံဒေသမှ မြန်မာနိုင်ငံအတွင်း ပြောင်းရွှေ့ဝင်ရောက် ပေါက်ဖွားလာကြသူများဖြစ်ခြင်းတို့ကြောင့် ဖြေရှင်းရန် လွန်စွာခက်ခဲပါကြောင်း၊ ဥပဒေနှင့်ကိုက်ညီသူများသာ နိုင်ငံသားဖြစ်ခွင့်ရှိသည်မှာလည်း သဘာဝကျပါကြောင်း၊ ပြဿနာပိုမိုကြီးထွား မလာစေရန်အတွက် အဓိကထား စီမံဆောင်ရွက်သင့်သည်ကို အကြံပြုလိုကြောင်း၊ ကိုဖီအာနန်၏ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေသည်ကိုလည်း သိရှိပါကြောင်း၊ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို လေးစားစွာထည့်သွင်း စဉ်းစားရန်၊ စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
Credit:ဧရာဝတီ