လမ်းပြုပြင်ရန်ကားကိုရွှေ့ခိုင်းသော စည်ပင်ဝန်ထမ်းနှင့် ယာဉ်ပိုင်ရှင်တို့ ထိုးကြိတ်မှုဖြစ်ပွား
12 Oct 2016 1,341 Views

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် လမ်းမပေါ်တွင် ရပ်ထားသော ကားတစ်စင်းကို လမ်းခင်းရန်အတွက် စည်ပင်ဝန်ထမ်းတစ်ဦးမှ ဖယ်ရှားခိုင်းရာမှ အချင်းများကြပြီး ကားပိုင်ရှင်များက ထိုးကြိတ်ခဲ့မှုတစ်ခု ဒလမြို့တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒလ-တွံတေးကားလမ်းရှိ နာရီစင်အနီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့ တွင်ရပ်ထားသော Express ကားကြီးကို လမ်းပြုပြင်ရန် မလွတ်သဖြင့် နေရာရွှေ့ခိုင်းရာ ပိုင်ရှင်များက စည်ပင်ဝန်ထမ်းအား ကိုယ်ထိလက်ရောက် ရန်ပြု၍ ထိုးကြိတ်ခဲ့ရာ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖြေရှင်းရခဲ့ပြီး ပြစ်မှုကျူး လွန် သူများအား စည်ပင်တာဝန်ရှိသူများက တရားလိုပြုလုပ် တိုင်တန်းအမှုဖွင့်ထားကြောင်း သိရသည်။
"အဓိက ကတော့ ဘာပြဿနာရှိလဲဆိုတော့ အေစီက မိုးလေဝသကို ကြည့်ပြီးတော့ ဒီဘက်မှာနေသာ မှ ဟိုဘက်ကမ်းကိုလှမ်းမှာ ဟိုဘက်ကလာတဲ့အချိန်က ၁ နာရီခွဲလောက် အချိန်ပေးရတယ်။ ဒီဘက်ကမ်းရောက်တော့ အဲဒါကိုမြန်မြန်လေးလုပ်ရတယ်။ အေး လည်းအေးနေပြီး အမှန်ကပူတဲ့ အချိန်မှာလုပ်ရတာလေ၊ ကားရောက်ရောက်ချင်း မြန်မြန်ချပြီး လမ်းခင်းရတာ၊ ကားနဲ့မလွတ်လို့ ကားဖယ်ပေးဖို့ စည်ပင်အလုပ်သမားခေါင်းဆောင် နဲ့ ကားသမားက သွားပြောတာ။ မြန်မြန်လေးဖယ်ပေးဖို့ပြောတာ။ မြန်မြန်လေးဖယ်ပေးရအောင် မင်းကဘာကောင်လဲဆိုပြီး ပြဿနာတက်တာ။ လမ်းခင်းတာ ရာသီဥတုကိုကြည့် ခင်းရတာလို့ နားလည်အောင်ရှင်းပြတာကို လက်မခံလို့ အခုလိုဖြစ်တာပါ" ဟု မြို့နယ်စည်ပင်(လမ်း၊ တံတား) မှ ဦးမောင်မောင်လွင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒလမြို့နယ်စခန်းမှူး ရဲအုပ်သက်နိုင် က " စည်ပင်လမ်း ခင်းဖို့ ကျောက်၊ ကတ္တရာတွေပုံတယ်လေ၊ ပုံတော့ အဲဒီကားကြီးနဲ့ မလွတ်ဘူး။ ဖယ်ခိုင်းတော့ သူတို့က ကားသမားမရှိဘူးတဲ့ ကားသမားမရှိရင် ကားသမားတစ်ယောက်ရှာဖယ်ပေးပါ။ ကျွန်တော်တို့က အချိန်မီနေသာတုန်းခင်းရတေလို့ ပြောတာကို လက်ဖက်ရည်ဆိုင်ထဲကကောင်တွေ ကဆဲတယ်ပြောတယ်။ စည်ပင်က တစ်ယောက်နဲ့ အဲဒီကားကိုပိုင်တဲ့ လက်ဖက်ရည်ဆိုင်က သုံး ယောက်နဲ့ ထိုးကြတာပဲ။ အခုတာဝန် ၀တ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့် ထားတယ် " ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဒလ- တွံတေးကား လမ်းမတစ်လျှောက် ထပ်ပိုးလွှာ ကတ္တရာ ခင်းခြင်း လုပ်ငန်း များကို အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော် မတီ၊ လမ်းတံတား အင်ဂျင်နီ ယာဌာနမှ ဝန်ထမ်းများက လုပ်ငန်း များဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ကားပိုင်ရှင် များကို မြို့နယ်စည်ပင် (လမ်း၊ တံတား)မှ ဦးမောင်မောင်လွင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဒလမြို့မရဲစခန်း မှ(ပ)၆၂၈/၂၀၁၆၊ ပုဒ်မ ၃၃၂/၂၉၄/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးဆောင် ရွက် လျက်ရှိကြောင်းသိရသည်။
Credit: ဒီမိုကရေစီတူဒေး
Photo:Illustration