တရားခံပြေးဖောက်ထွင်းသူခိုး ဖမ်းဆီးရမိပြီး နောက်ဆက်တွဲအမှုများ တစ်သီကြီးပေါ်လာ
12 Oct 2016 1,374 Views

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၁၂၂၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ အမှုဖြင့် အရေးယူထားရှိသော လင်းထက်ကျော်၊ စိုင်းလင်းဇော်၊ စိုးသူဝင်း၊ ဉာဏ်ဝင်းအောင်၊ တင်မျိုးအောင်တို့နှင့်အတူ ပြစ်မှုကျူးလွန်စဉ် အတူပါဝင်ပြီး တိမ်းရှောင်နေသူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ မြင့်ဇော်(ခ) မြင့်ဇော်အောင် (၂၅)နှစ်အား အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက ၂၇.၉.၂၀၁၆ ရက်နေ့ မွန်းလွဲ ၃:၁၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပါသည်။
မြင့်ဇော်(ခ) မြင့်ဇော်အောင်သည် ၂၀၁၃ ခုနှစ် အတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၈)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ငွေကျပ်(၁၅၄၀၀၀၀) ခိုးယူခံရသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် (ပ)၄၅၂/၂၀၁၃၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အရေးယူဆောင်ရွက်ခဲ့သည့် အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေးတစ်ဦးလည်းဖြစ်ကြောင်းသိရှိရပါသည်။
အချက်လက်များအား တိုက်ဆိုင်စစ်ဆေးချက်အရ မြင့်ဇော်(ခ)မြင့်ဇော်အောင် နှင့်အပေါင်းအပါတို့သည် နှစ်ဦး၊ သုံးဦးစသည်ဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၁) ရပ်ကွက်နှင့် (၂၈) ရပ်ကွက်တို့ရှိ နေအိမ် ၂ လုံးအတွင်းမှ လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၉/က)ရပ်ကွက်နှင့် ဒဂုံမြို့သစ်(အရှေ့) မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ် ၂ လုံးအတွင်းမှလည်းကောင်း ရွှေထည်ပစ္စည်းများ၊ လက်ပ်တော့များ၊ ကင်မရာ၊ လက်ကိုင်ဖုန်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေများ ဝင်ရောက် ခိုးယူခဲ့ကြကြောင်းပေါ်ပေါက်ခဲ့၍ စိစစ်ခဲ့ရာ ယင်းသို့ခိုးယူခံကြရသဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိသောအမှုများကို ၎င်းတို့မှ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်၊ မေလ၊ ဇွန်လ၊ ဇူလိုင်လများအတွင်းကလည်း ဒဂုံမြို့သစ်(အရှေ့) မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့ရှိ နေအိမ် ၁၀ လုံးအတွင်းမှ ငွေများ၊ ရွှေထည်ပစ္စည်းများ၊ FLAT TV များ၊ လက်ပ်တော့နှင့် အသုံးအဆောင်ပစ္စည်းများအား ဝင်ရောက်ခိုးယူခဲ့ကြကြောင်း ထပ်မံပေါ်ပေါက်ခဲ့ပြန်သည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုများမှ သက်သေခံပစ္စည်းအချို့နှင့် ခိုးယူရရှိသည့်ငွေဖြင့် ဝယ်ယူထားသည့် ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိကာ ကျန်ရှိသည့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားခိုးမှု၊ လုယက်မှုများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source:YangonPolice