အစိုးရဝန်ကြီးဌာနများတွင် အလုပ်ရမည်ဟုပြောကာ စာရွက်စာတမ်းအတုများဖြင့် ငွေကျပ် ၁၃၁ သိန်း လိမ်လည်ခဲ့မှု
12 Oct 2016 1,398 Views

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် အကြည်ကတင်းရွာနေထိုင်သူ အမျိုးသမီးတစ်ဦးက သူမအပါအဝင် ဆောမြို့နယ်ရှိ ကျေးရွာများမှ လူ (၉)ဦးအား အစိုးရဝန်ကြီးဌာနမျာတွင် အလုပ်ရမည်ဟုပြောဆိုပြီး ထိုသူများထံမှ ငွေကျပ် ၁၃၁ သိန်းကို တံဆိပ်တုံး၊ စာရွက်စာတမ်းများဖြင့် ငွေပေးဆောင်ခိုင်းကာ လိမ်လည်သွားသောအမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်၊ အကြည်ကတင်း ကျေးရွာနေ မဝင်းဝင်းမော်၊ အသက် ၂၇ နှစ်သည် အလုပ်အကိုင်ရရှိလိုသဖြင့် တစ်ရွာတည်းနေ ကြာမြင့် အသက်(၃၅)နှစ်နှင့် ဆက်သွယ်မိရာ ငွေကျပ် ၁၇ သိန်း ပေးပါက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စည်ပင်ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လဝကဌာနများတွင် အလုပ်အကိုင်ရရှိမည်ဟု ပြောခဲ့သည်။
ထိုနောက် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စာရွက် စာတမ်း တံဆိပ်တုံးများအသုံးပြု၍ ကြာမြင့်၊ ဝင်းတင့် အသက် ၆၅ နှစ်၊ မြင့်သိန်း၊ အသက်(၄၅)နှစ်၊ ညွှန်မှူး (သာသနာရေးဝန်ကြီးဌာနမှဟု ပြော)(စုံစမ်းဆဲ) သန်းထွေး၊ စာရေး (သာသနာရေးဝန်ကြီးဌာနဟုပြော) (စုံစမ်းဆဲ)နှင့် မကြူကြူခိုင်၊ အသက် ၃၇ နှစ်၊ နေပြည်တော်(စုံစမ်းဆဲ) (၅)ဦးတို့က မဝင်းဝင်းမော်အပါအဝင် ဆောမြို့ နယ်ရှိ ကျေးရွာများမှ မသန်းသန်း မော်၊ မဇင်မာလွင်၊ မမြင့်ဋ္ဌေးကြည်၊ မနွယ်နွယ်ထွန်း၊ မကေမိုးခိုင်၊ မောင်မြင့်မိုး၊ မောင်ပြည့်ဖြိုးမောင်၊ မနှင်း ဝေလှိုင်တို့ (၉)ဦးတို့၏ စုပေါင်းငွေ ကျပ် ၁၃၁ သိန်းကို ၎င်းတို့နှင့်အတူ ကျောက်ပန်းတောင်း၊ ချောက်၊ ဆိပ် ဖြူ၊ နေပြည်တော်သို့ သွားရောက် ပေးဆောင်စေခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရှိရသည်။
ထို့ကြောင့် အလုပ်မရရှိဘဲ စာရွက်စာတမ်း၊ တံဆိပ်တုံး အတုများပြုလုပ်ပြီး ငွေပေးဆောင် ခိုင်းကာ ငွေများ လိမ်လည်ရယူ သွားသူ ကြာမြင့်၊ ဝင်းတင့်၊ မြင့် သိန်း၊ သန်းထွေးနှင့် မကြူကြူခိုင် တို့ (၅)ဦးအား အရေးယူပေးရန် မဝင်းဝင်းမော်က အောက်တိုဘာ ၉ ရက်တွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ဆောမြို့နယ်မြို့မရဲ စခန်းမှ (ပ) ၁၀၉/၂၀၁၆ ရာဇသတ် ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။
Credit:TN