သရဲဝင်ပူးသည်ဟု နာမည်ကြီးနေသော စာသင်ကျောင်းတွင် စစ်ဆေးရေးများရှေ့တင် သရဲဝင်ပူးပြခဲ့
11 Oct 2016 1,542 Views
မြောင်းမြမြို့တွင် ကျောင်းသူလေးများအား သရဲဝင်ပူးသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသော ရှမ်းရေကျော်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအား အောက်တိုဘာ ၁၀ ရက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဝင်ရောက်စစ်ဆေးနေစဉ် အတွင်းမှာပင် ကျောင်းသူသုံးဦး သရဲပူးကပ်သကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါကျောင်းရှိ စာသင်ကျောင်းဆောင်သစ်မှာ ယခင်က သုသာန်မြေအတွင်း ပါဝင်ခဲ့ကြောင်း၊ သြဂုတ် ၁ ရက်မှ စ၍ အဆိုပါ စာသင်ကျောင်းဆောင်သစ်တွင် ပညာသင်ကြားနေသော ခုနစ်တန်းကျောင်းသူ တစ်ဦးအား သရဲပူးကပ်သကဲ့သို့ ဖြစ်ပွားပြီးနောက် နောက်ပိုင်းရက်များတွင် နေ့စဉ်နီးပါး ကျောင်းသူများအား သရဲပူးကပ်သကဲ့သို့ ဆက်လက်ဖြစ်ပွားခဲ့ပြီး ကလေးငယ်များမှာ စာဆက်လက် မသင်ကြားရဲသောကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သုသာန်မြေအား ဖျက်သိမ်းကြောင်း၊ နယ်နိမိတ်သတ်မှတ်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ ထုတ်ပြန်ကြေညာ ခဲ့သော်လည်း ကလေးငယ်များမှာ သရဲပူးကပ်သကဲ့သို့ ဆက်လက်ဖြစ်ပွားနေခဲသဖြင့် ကျေးရွာဒေသခံများနှင့် ဆရာ၊ ဆရာမများမှ ဆရာတော်များ ပင့်ဖိတ်ကာ တရားနာကြားခြင်းများ ပြုခဲ့သော်လည်း ကလေးငယ်များအား ဆက်လက်၍ သရဲပူးကပ်သကဲ့သို့ ဖြစ်ပွားနေခဲ့သည်။
“အဆောင်သစ်ဆောက်တော့ သုသာန်မြေထဲမှာ ပါတယ်လို့ ပြောတယ်။ သရဲပူးတာက ငါးတန်း၊ ခုနစ်တန်း၊ ကိုးတန်း ကျောင်းသူလေးတွေမှာ အဖြစ်များတယ်။ ကျောင်းသား တစ်ယောက်လည်း ဖြစ်သေးတယ်။ အခုဆိုရင် ကျောင်းသား ၁၇ ယောက်ရှိပြီ။ သရဲဝင်ပူးတာပေါ့။ ခဏခဏပူးတော့ ကလေးတွေကို စာဆက်သင်ဖို့လည်း အခက်အခဲဖြစ်တယ်။ သူတို့ကို မေးတော့လည်း သူတို့နေရာကို ကျောင်းဆောက်လိုက်လို့ နေရာမရှိလို့ဆိုပြီး ပြောတယ်။ အမျှတွေလည်း ဝေပေးတာပဲ။ ဆရာတော်တွေလည်း ပင့်ဖိတ်ပြီးတော့ လုပ်တယ်။ အစိုးရကလည်း အမိန့်စာပြန်တယ်။ ဆက်ဖြစ်နေတာပဲ” ဟု ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲမှ အထက်တန်းပြဆရာ ဦးအောင်မြင့်စိုးက ပြောကြားသည်။
သရဲပူးကပ်သည်ဟု နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် ကလေးငယ်များမှာ ကျောင်းတက်ရမည်ကို ကြောက်ရွံ့နေကြပြီး မိဘများ အနေဖြင့်လည်း ကလေးငယ်များနှင့်အတူ ကျောင်းတက်ချိန် ပြီးဆုံးချိန်အထိ လိုက်လံ စောင့်ဆိုင်းပေးရကြောင်း၊ သရဲပူးကပ်သည်ဟု ယူဆရသည့် ဖြစ်စဉ်များမှာ စာသင်ချိန်များတွင် ဖြစ်ပွားသည် သာမက စာမေးပွဲ ဖြေဆိုချိန် များတွင်ပါ ဖြစ်ပွားနေသောကြောင့် စာမေးပွဲ မဖြေဆိုခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ ရှိနေကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်နေသည်မှာ မြင်အပ် မမြင်အပ်သော ဖြစ်စဉ်များကြောင့် ဖြစ်ပွားသည်မှာ ဖြစ်နိုင်သည် ဆိုသော်လည်း ကလေးငယ်များအား ကျန်းမာရေးအရ ပညာရှင်များနှင့်တကွ စစ်ဆေးကူညီပေးရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မှတ်ချက်ပြု ပြောကြားခဲ့သည်။
Credit:မင်းသူထွဋ်