၂၀၁၇ တွင် ကျိုက်ထီးရိုးစေတီတော်သို့ ကေဘယ်လ်ကားဖြင့် တက်ရောက်ဖူးမျှော်နိုင်တော့မည်
11 Oct 2016 1,607 Views

မန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားတစ်ဆူလည်းဖြစ်၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာနေရာတစ်ခုလည်းဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရောက်နိုင်မည့် ကြိုးတန်းယာဉ်(ကေဘယ်လ်ကား) ကို ၂၀၁၇ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းကို SKY Asia ကုမ္ပဏီက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း(၂၀)ရင်းနှီးမြုပ်နှံ၍ ကိုရီးယားနှင့် ပြင်သစ်ကုမ္ပဏီများ၏ နည်းပညာများဖြင့် အကောင်အထည်ဖော် တည်ဆောက်ပေးနေခြင်းဖြစ်သည်။
ကေဘယ်လ်ကားခရီးစဉ်ကို ရသေ့တောင်မှ ကျိုက်ထီးရိုးဘုရား ရင်ပြင် အနီးထိ သွယ်တန်းတည်ဆောက်မည်ဖြစ်ကာ အသွားအပြန် နှစ်လမ်းပါရှိမှာဖြစ်ပါတယ်။ တစ်တွဲတွင် လူ ၈ ဦး စီးနင်းလိုက်ပါနိုင်မည့် ကေဘယ်လ်ကား ၄၄ တွဲ ပါရှိမှာဖြစ်ပြီး စီးနင်းချိန်မှာ ၁၀ မိနစ်ခန့်သားကြာမြင့်မှာဖြစ်ပါတယ်။
ကေဘယ်လ်ကားနှင့် မြေပြင်အမြင့်သည် အနိမ့်ဆုံး ပေ(၂၀)မှ အမြင့်ဆုံးပေ(၄၀)ရှိမည်ဖြစ်ကာ စီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေအတွင်းရှိ မြေ(၁၃.၅)ဧကအား အစိုးရထံမှ နှစ်(၅၀) BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ကေဘယ်လ်ကားခ ဈေးနှုန်းမှာ သတ်မှတ်ထားခြင်းမရှိသေးသော်လည်း တောင်ပေါ်တက်နေသည့် ကားဈေးနှုန်း ကျပ် ၁၅၀၀ ဝန်းကျင်သာ ရာထားကြောင်း SKY Asia ကုမ္ပဏီမှ ဦးအောင်သန်းကပြောကြားသည်။ ကျိုက်ထီးရိုးစေတီတော်သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ပြည်တွင်းခရီးသွား ဧည့်သည် (၁၂)သိန်းကျော်နှင့် ပြည်ပခရီးသွား(၇)သောင်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရှိရပြီး နိုင်ငံတကာအဆင့်မီ ကေဘယ်လ်ကားပြေးဆွဲခြင်းသည် ပြည်တွင်းပြည်ပ ခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
Source:မြစ်မခမီဒီယာ