အမျိုးသမီးအင်္ဂါတွင်းထည့်လာသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
10 Oct 2016 1,469 Views

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင်တိုးလ်ဂိတ်အနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများကို ကွန်ဒုံးဖြင့် ထုပ်ပိုး၍ အမျိုးသမီးအင်္ဂါအတွင်းထည့်သွင်းသယ်ဆောင်လာသော အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့မ ရဲစခန်းမှ သိရှိရသည်။
နောင်ချိုမြို့အဝင် တိုးလ်ဂိတ်အနီးတွင် အောက်တိုဘာ ၁၀ ရက်၊ နံနက်ပိုင်းက အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု နောင်ချိုလှုပ်ရှားနှင့် ပူးပေါင်းအဖွဲ့တို့ မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးဆောင်ရွက်နေစဉ် မူဆယ်မှ မန္တလေးသို့ မောင်းနှင့်လာသော ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသမီးနှစ်ဦးထံမှ တန်ဖိုးကျပ်သိန်း (၁၆၀)ရှိ 88 နှင့် 1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးသည်တင်ယာဉ်၏ ခုံအမှတ် H-9 မှ လိုက်ပါလာသူ မဆုန်ဖောင်ယူဆောင်လာသော မိန်းမစီးခွာမြင့် ဖိနပ်တစ်ရံအတွင်းမှ ဆေးပြား(၂၂၀၀)ပြား၊ ခုံအမှတ် H-10 မှ လိုက်ပါလာသော မဝမ်မိန့်ကြူယူဆောင်လာ သော ဆံပင်ဆေးဘူး (၂)ဘူး အတွင်း ကွန်ဒုံးဖြင့်ထည့်သယ်ဆောင်လာသော ဆေးပြား (၅၄၀၀)ပြားနှင့် မဝမ်မိန့် ကြူ၏ မိန်းမကိုယ်အတွင်း ကွန်ဒုံးဖြင့်ထည့်သယ်လာသောဆေးပြား (၄၀၀)ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၈၀၀၀)ပြားတို့ကိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခရီးသည်ကားတွေပေါ်ကနေ မိတာများနေတယ်။ အခုလည်း ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာရွာကနေပြီးတော့ ဆိုင်း တောင်မှော်ကိုသယ်ပြီး သွားရောင်းမှာလို့သိရပါတယ်။ အမျိုးသမီးတွေကို အမျိုးသမီးသက်သေတွေနဲ့ စစ်ဆေး တာပါ။ ရောင်းပေးတဲ့သူကိုလည်း အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးဖို့အတွက် ဆောင်ရွက်နေပါတယ်။” ဟု အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ဇော်မျိုးနိုင်ကပြောသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသယ်ဆောင်သူ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက်(၁)နေ မဆုန်ဖောင်(၅၆)နှစ်ကို မယ(ပ)၁၁၃/၂၀၁၆ ၊ ၁၅/၁၉(က)ဖြင့်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက်(၄)နေ မဝမ်မိန့်ကြူး(၂၈)နှစ်ကို မယ(ပ)၁၁၄/၂၀၁၆၊ ၁၅/၁၉(က)ဖြင့် လည်းကောင်း မူးယစ်ဆေးဝါးဥပဒေပုဒ်မများဖြင့် နောင်ချိုမြို့မ ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ