တောင်ဥက္လာပတွင် နေအိမ်အတွင်းဝင်ရောက်ပြီး ပစ္စည်းများခိုးယူသူအား ဖမ်းဆီးအရေးယူ
07 Oct 2016 1,359 Views

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် တန်ဖိုးကြီး စမတ်ဖုန်းများနှင့် ကွန်ပျူတာပစ္စည်းများကို နေအိပ်တွင်း ဝင်ရောက်ခိုးယူမှု ဖြစ်ပွားခဲ့ပြီး တရားခံများကို လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးမေးမြန်ရာမှ အခြားဆက်စပ် ခိုးယူခဲ့သော အမှုများပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ အသက်(၂၈)နှစ်အရွယ် အမျိုးသားသည် အိပ်ယာမှနိုးစဉ် ၎င်း၏ iPhone 6 နှင့် iPhone 5 ဖုန်း(၂)လုံး၊ Acer အမျိုးအစား လက်ပ်တော့(၁)လုံး၊ ဘေးလွယ်အိတ်အတွင်းထည့်ထားသော ငွေကျပ်(၁၈၀၀၀၀)၊ စိန်(၂)ပွင့်၊ ငါးပုံ ပယင်းဆွဲသီး(၁)ခု၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် စာရွက်စာတမ်း အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်(၄၅၂၀၀၀၀)မှာ ပျောက်ဆုံးနေသည်ကိုသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၇၂၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သတင်းစုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်နေ ကျော်ကျော်(ခ)စိုးပိုင် (၁၈)နှစ်အား တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၌ ခိုးရာပါပစ္စည်းများဖြစ်သည့် iPhone 6၊ ငွေကျပ်(၂၁၀၀၀၀)တို့နှင့်အတူ ၂၉.၉.၂၀၁၆ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

စစ်ဆေးမှုများအရ အဆိုပါအမှုကို ၎င်းမှကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှုမှကျန်ရှိသည့်ပစ္စည်းများအား သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းတည်းခိုနေထိုင်
သော တည်းခိုခန်း အခန်းအတွင်း၌ ထားရှိကြောင်းသိရှိရသဖြင့် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါသည်။
ယင်းသို့ပစ္စည်းများသွားရောက်သိမ်းဆည်းစဉ် အခန်းအတွင်းမှ အမှုနှင့် ဆက်စပ်ပစ္စည်းများအပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ နိုင်ငံသား
စိစစ်ရေးကတ်များအပါအဝင် ယာဉ်မောင်းလိုင်စင်၊ စာရွက်စာတမ်းအသုံးအဆောင်ပစ္စည်းများကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ
ပစ္စည်းများအား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိ၍ တောင်ဥက္ကလာပမြို့မရဲစခန်းတွင်(ပ)
၇၂၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါသည်။
တရားခံအား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၄.၇.၂၀၁၆ ရက်နေ့ ၀၂၂၅ အချိန်ခန့် က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ iPhone 6s Rose gold (၁)လုံးနှင့် SAMSUNG Grand II အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အား ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် စိစစ်အတည်ပြုခဲ့ရာ ယင်းနေ့က အဆိုပါနေအိမ်မှ ဖုန်း(၂)လုံး ခိုးယူခံရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် တိုင်တန်းခဲ့၍ စုံစမ်းဆောင်ရွက်လျက်ရှိသော(ပ)၇၁၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ အမှုကို ၎င်းမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေးဆောင်ရွက်လျက်ရှိပြီး အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Credit:YangonPolice