ထွန်းထွန်းမင်းနှင့် တူးတူးတို့ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ လာတော့မည်
05 Oct 2016 1,617 Views

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၉ ရက်နေ့တွင် သိမ်ဖြူအားကစားကွင်း၌ နေ့လည် ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းနှင့် တူးတူးပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပြည်ပတွဲဆိုင်း(၂)ဆိုင်းနှင့် ပြည်တွင်းတွဲဆိုင်း(၈)ဆိုင်း ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ပြည်ပတွဲဆိုင်းအဖြစ် ထွန်းထွန်းမင်းနှင့် ကနေဒါနိုင်ငံသား ဒေလဗ်၊ တူးတူး(နဂါးမာန်)နှင့် ဘာနီယွန် (ထိုင်း)တို့ ထိုးသတ်ကြမည်ဖြစ်သည်။
“ဘာနီယွန်ကတော့ ကိုထွန်းထွန်းမင်းအနိုင်မရခဲ့တဲ့ ပြိုင်ဘက်ကို ကိုတူးတူးနဲ့ တွဲပေးလိုက်တာပါ။ ကိုထွန်းထွန်း မင်းနဲ့ ထိုးမယ့်ပြိုင်ဘက်ကတော့ ကိုတူးတူးကိုတောင် အနိမ့်ဖြစ်အောင်ထိုးနိုင်ခဲ့တဲ့အတွက် ပရိတ်သတ်ဆန္ဒအရ ရော၊ ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်တဲ့အတွက် တွဲပေးလိုက်တာပါ။”ဟု ပွဲစီစဉ်သူ ဦးစိုးမင်း(ဂရိတ်တိုက်ဂါးဂရုပ်) က ပြောသည်။
ထွန်းထွန်းမင်းနှင့် တူးတူး(နဂါးမာန်)တို့သည် မြန်မာရိုးရာလက်ဝှေ့လောကတွင် နာမည်ကြီး ရိုးရာလက်ဝှေ့ သမားများဖြစ်ပြီး ထွန်းထွန်းမင်းသည် တူးတူးထက် လက်ရည်အနည်းငယ်သာလွန်သည့် အနေအထားတွင်ရှိ ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ သူထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲတွေကို အွန်လိုင်းကနေ တဆင့်ကြည့်တယ်။ သူလေ့ကျင့်ပြင်ဆင်ပုံ တွေကိုလေ့လာထားတယ်။ ဒီပွဲမှာ သူ့ကိုနိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။”ဟု ထွန်းထွန်းမင်းက ပြောသည်။ ထွန်းထွန်းမင်းနှင့် တူးတူး(နဂါးမာန်)တို့သည် ပြီးခဲ့သည့်သြဂုတ်လက ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချုထိုင်း(ထိုင်း)၊ ဒေလဗ်(ကနေဒါ)တို့နှင့်ထိုးသတ်ခဲ့ပြီး ထွန်းထွန်းမင်းမှာ အလဲထိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း တူးတူး(နဂါးမာန်) သည် သရေသာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ပြည်တွင်းရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသရန်လည်း ညှိနှိုင်းလျှက်ရှိကြောင်း သိရှိရသည်။
Credit:မြစ်မခမီဒီယာ