BEC-TERO TV

နယ်သာလန်နိုင်ငံသားအမှုကို အောက်တိုဘာ ၆ ရက်တွင် အမိန့်ချမည်

05 Oct 2016     1,442 Views


မန္တလေးမြို့တွင် ဓမ္မာရုံမှအသံချဲ့စက်ကြိုးနှင့် ပလပ်တို့အား ဆွဲဖြုတ်ခဲ့မှုကြောင့် ပုဒ်မ ၂ ခုဖြင့် တရားစွဲခံထားရသော နယ်သာလန်နိုင်ငံသား၏ အမှုကို အောက်တိုဘာ ၆ ရက်နေ့ (မနက်ဖန်)တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မန္တလေး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ဓမ္မာရုံတစ်ခုမှ ဖွင့်ထားသော အသံချဲ့စက်မှ ဆူညံသောအသံများကို နားမခံနိုင်သဖြင့် နယ်သာလန်မိုင်ငံသား Mr.Klaas Haijtema က ဓမ္မာရုံတွင်းဝင်ရောက်ပြီး စပီကာကြိုးနှင့် ပလပ်များအား ဝင်ရောက်ဆွဲဖြုတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်အတွက် Mr.Klaas Haijtema ကို သာသနာညိုးနွမ်းစေမှု ပုဒ်မ (၂၉၅)၊ လူဝင်မှုကြီးကြပ်ရေးမှ ချမှတ်ထားသော ဗီဇာစည်းကမ်းချိုးဖောက်မှု ပုဒ်မ ၁၃ (၁) တို့နှင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
 
တရားခံ၏ သက်သေဖြစ်သူ Mr.Klaas Haijtema ၏ ချစ်သူ Ms.Nathalea Stoop က စက်တင်ဘာ ၂၃ ရက်ညပိုင်းက နောက် တနေ့ မနက်ပုဂံသွားဖို့ စောစောအိပ်ရာဝင်ရန် ပြင်ဆင်နေသည့်အချိန် ဆူညံသံများ ကြားရသောကြောင့်  မစ္စတာကလပ်စ်က သွားရောက်ကြည့်ရှုမည်ဟု ဆိုကာ ဟိုတယ်အခန်းမှ ထွက်သွားခဲ့သည်။ ခဏလောက်အကြာတွင် မစ္စတာကလပ်စ် ပြန်ရောက်လာခဲ့ပြီး ကလေးများ သီချင်းဆိုနေသည်ကို တွေ့တဲ့အတွက် စပီကာမှာ တပ်ဆင်ထားတဲ့ ပလပ်တွေကို ဖြုတ်ခဲ့တယ်လို့ ပြန်ပြောပြကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။
 
ယင်းအမှုကိစ္စနှင့် ပတ်သက်၍ တရားခံရှေ့နေအဖြစ် အခမဲ့ဆောင်ရွက်ပေးသည့် ရှေ့နေ ဦးလှကိုက “မစ္စတာကလပ်ဟာ ဆူညံသံကြောင့် နားမခံနိုင်ဘဲ ဒေါသမထိန်းနိုင်ဘဲ လုပ်ခဲ့တာဖြစ်ပါတယ်။ ဥပဒေမှာ ရည်ရွယ်ချက်မရှိရင် ပြစ်မှုမမြောက်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ခုစွဲထားတဲ့ပုဒ်မ ၂၉၅ နဲ့ လုံးဝ အကျုံးမဝင်တာ ထင်ရှားပါတယ်” ဟု တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။ ထို့ကြောင့် ၎င်းပြစ်မှုမမြောက်လျှင် လဝက ဥပဒေကိုလဲ ကျုးလွန်ရာမရောက်သည့်အတွက် တရားသေ လွှတ်ပေးရန် ရှေ့နေဦးလှကိုက ရုံးတော်တွင် လျှောက်ထားခဲ့သည်။
 
သို့ရာတွင် တရားလို၏ ရှေ့နေက နိုင်ငံခြားသားတစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို ချိုးဖောက်သည့် အတွက် ဥပဒေနှင့် ထိုက်သင့်သည့် အပြစ်ဒဏ်အား အမိန့်ချသင့်ကြောင်း လျှောက်ထား ခဲ့ပြီးနောက် အဆိုပါအမှုကိစ္စအား အောက်တိုဘာ ၆ ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
Ref:irrawaddy

05 Oct 2016     1,442 Views




RELATED

Most Popular of International News

Most Popular of NEWS