BEC-TERO TV

ကလေးငယ်နှစ်ဦးကို လေယာဉ်မှားတင်ပေးခဲ့တဲ့ လေကြောင်းလိုင်းကို အမေဖြစ်သူ တရားစွဲ

04 Oct 2016     1,364 Views


မတူတဲ့ခရီးစဉ်တစ်ခုစီကိုသွားကြမယ့် ကလေးငယ်နှစ်ဦးကို ရောထွေးမှားယွင်းပြီး လေယာဉ်တလွဲစီ မှားတင်ပေးလိုက်သော အမေရိကန် လေကြောင်းလိုင်းတစ်ခု တရားစွဲဆိုခြင်းခံနေရပါတယ်။ ယင်းကဲ့သို့ မှားယွင်းခဲ့မှုအတွက် ကလေးတစ်ဦး၏ မိခင်ဖြစ်သူ "မယ်ရီဘယ် မာတင်ဇ်” က အမေရိကန်လေကြောင်းလိုင်း "ဂျက်ဘလူးအဲဝေး” ကို တရားစွဲဆိုရန် ရုံးတော်မှာ လျှောက်ထားပါတယ်။ သူမအနေနဲ့ စိတ်ဓါတ်အကြီးအကျယ်ကျခြင်း၊ အလွန်အမင်း ကြောက်သွားခြင်း၊ ထိန့်လန့်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်တွေကို ခံစားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က "မယ်ရီဘယ် မာတင်ဇ်” က သူမရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် "အန်ဒီမာတင်ဇ်” ကို နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားကြိုနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့သားဟာ နယူးယောက်ကို ရောက်လာရမယ့်အစား ၂၁၅ မိုင်ဝေးတဲ့ မန်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့က လိုဂန်လေဆိပ်ကို ရောက်သွားခဲ့ပါတယ်။
 
ဘော်စတွန်လေဆိပ်မှာ၊ ‘အန်ဒီ’ က သူ့မိခင်နဲ့ တွေ့ဖို့လာတာလို့ ပြောတဲ့အတွက် ဂျက်ဘလူး လေကြောင်းလိုင်း ဝန်ထမ်းက ‘အန်ဒီ’ ကို သူ့အမေထံကို လိုက်ပို့ပေးခဲ့ပါတယ် ဒါပေမယ့် အဆိုပါအမျိုးသမီးက သူတစ်ခါမှ မမြင်ဖူးတဲ့သူ ဖြစ်နေပါတယ်။ တစ်ချိန်ထဲမှာပဲ နယူးယောက်လေဆိပ်မှာလည်း အခြားကလေးတစ်ယောက်ကို "မယ်ရီဘယ် မာတင်ဇ်” ဆီကို ရောက်လာခဲ့ပါတယ်။ သူမက ဒီကလေးက သူမရဲ့ သားမဟုတ်ကြောင်း တစ်ခါမှလည်း မမြင်ဘူးကြောင်း လေကြောင်းလိုင်းကို သတင်းပို့ခဲ့ပါတယ်။ ဒါပေမယ့် ဒီကလေးက ‘အန်ဒီမာတင်ဇ်’ ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ နယူးယောက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။
 
‘အန်ဒီ’ နဲ့ အခြားကလေးတို့ နှစ်ယောက်လုံးက ဒိုမီနီကန် ရီပါ့ဗလစ်၊ ဆစ်ဘို အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ ကလေးနှစ်ဦး ခရီးစဉ်လွဲပါလာတဲ့ ပြဿနာကို ၃ နာရီကြာမျှရှင်းလင်းပြီးနောက်မှာ ‘အန်ဒီ’ နှင့် သူ့အမေ ဖုန်းအဆက်သွယ်ရသွားခဲ့ပါတယ်။ သူမရဲ့သားလေး ပြန်ပေးဆွဲခံရပြီး ဒီတစ်သက်မတွေ့ရတော့ဘူး ထင်နေခဲ့တယ်လို့ "မယ်ရီဘယ် မာတင်ဇ်” က သတင်းထောက်တွေကို ပြောပါတယ်။
 
“မယ်ရီဘယ်” ရဲ့ ရှေ့နေဖြစ်သူက “ဒီလိုကိစ္စမျိုးဆိုက လုံးဝမဖြစ်သင့်တာမျိုးပါ၊ အဲ့ဒီအတွက် ဂျက်ဘလူးလေကြောင်းလိုင်းက ဝန်ထမ်းတွေ ရှက်စရာကောင်းပါတယ်” ဟု ဆိုပါတယ်။ အခုလို လူသိရှင်းကြားဖြစ်သွားမှ ဒီလိုအမှားမျိုးကို ဂျက်ဘလူးလေကြောင်းအနေနဲ့ နောက်ထပ်တစ်ခါထပ်မဖြစ်အောင် ဆင်ခြင်လိမ့်မယ်လို့ "မယ်ရီဘယ် မာတင်ဇ်” ကမျှော်လင့်ပါတယ်။ ဂျက်ဘလူးလေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တရားစွဲဆိုမှု လျှောက်ထားခြင်းအပေါ် ဘာမှပြောကြားခြင်း မရှိပါ။

04 Oct 2016     1,364 Views




RELATED

Most Popular of International News

Most Popular of NEWS