၈ တန်းကျောင်းသူနှစ်ဦးကို အကြိမ်ကြိမ်သားမယားပြုကျင့်သည့် ကျောင်းဆရာ
29 Sep 2016 2,233 Views

အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက ၈ တန်းကျောင်းသူ နှစ်ဦးကို အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း ကျူးလွန်ခံရသူများ၏ သူငယ်ချင်းကျောင်းသူ တစ်ဦးမှ မခံမရပ်နိုင်ဖြစ်ကာ တိုင်ကြားခဲ့သည့် အမှုတစ်ခု ဧရာဝတီတိုင်း၊ ရွှေညောင်ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အလက(ခွဲ)မှ သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်အသက်(၂၈)နှစ်သည် (၁၅)နှစ်အရွယ် (၈)တန်း ကျောင်းသူ တစ်ဦးအား ကျောင်းပိတ်ရက် အချိန်ပိုခေါ်ယူသင်ကြားချိန်များတွင် ဆရာများနားနေခန်း အတွင်း (၅)ကြိမ်တိုင် သားမယားပြုကျင့်ခဲ့ပြီး (၁၄) နှစ်အရွယ်(၈) တန်းကျောင်းသူတစ်ဦးအား ညနေကျောင်း ဆင်းပြီးချိန်များတွင် စာသင် ခန်းအတွင်း (၃)ကြိမ် တိုင်တိုင်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ကျိုက်လတ်မြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးပြီးနောက် သိရှိရသည်။
“တစ်ယောက်ကတော့ ကျောင်းပိတ်ရက် မနက်ပိုင်းတွေမှာ အချိန်ပိုခေါ်ရင်းကျူးလွန်တာ၊ ကလေးမလေးကို ခေါ်ပြီး အမှတ်ကူဖျက်ခိုင်း နှိပ်ခိုင်းတာတွေ ရှိတော့ တခြားကျောင်းသားတွေကို စာကျက်ခိုင်းထားပြီး ဆရာ များနားနေခန်းမှာ ကျူးလွန်တာ၊ တစ်ယောက်က တစ်လမ်းတည်းနေတော့ ကျောင်းဆင်းချိန် အတူတူပြန်ရင်း ညနေပိုင်းတွေမှာ စာသင်ခန်းအတွင်းမှာပဲ ကျူးလွန်လေ့ရှိတယ်။”ဟု ကျိုက်လတ်မြို့မ ရဲစခန်မှ ဒုရဲမှူး ထင်အောင်က ပြောသည်။
ကျူးလွန်ခံရသူများ၏ သူငယ်ချင်းကျောင်းသူတစ်ဦးက “ဒီလိုအကျင့်မကောင်းတဲ့ ဆရာဆီမှာ စာမသင်ချင်ဘူးလို့” အိမ်က လူကြီးတွေကို ပြောခဲ့ရာ၊ လူကြီးများက အကြောင်းရင်းကို မေးမြန်းရင်း ကျောင်းသူ နှစ်ဦးအား သားမယားပြုကျင့်သည့် အကြောင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ကျောင်းဆရာ ဦးရန်နိုင်သည် ၂၀၀၅ - ၂၀၀၆ ခုနှစ်တွင် ပညာရေးကောလိပ်မှ ကျောင်းဆင်းပြီးနောက် မအူပင်မြို့နယ် ရေနုတ်ချောင်းကျောင်း၊ ဂင်္ဂါးကျောင်းများတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၄ အောက်တိုဘာလမှ စတင်ကာ ရွှေညောင်ပင်အလက (ခွဲ)တွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။ သူတာဝန်ထမ်းဆောင်ခဲ့သော အခြားကျောင်းများတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်း ရှိ/မရှိကို ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းလျှက်ရှိသည်။
ဆရာဦးရန်နိုင်ကို ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူအား ၅ ကြိမ်တိုင်တိုင် သားမယားပြုကျင့်ကျူးလွန်ခဲ့ခြင်းကို အရေးယူ ပေးပါရန် ဖခင်ဖြစ်သူမှ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ (ပ)၁၉၆/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူကို ၃ ကြိမ်တိုင်တိုင် သားမယားပြုကျင့် ကျူးလွန်ခဲ့ခြင်းကို အရေးယူပေးပါရန် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မ ရဲစခန်းမှ(ပ) ၁၉၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီး အရေးယူ ထားကြောင်း သတင်းရရှိသည်။
Ref:မြစ်မခမီဒီယာ