တက္ကစီမောင်းသူအား ဝိုင်းဝန်းရိုက်နှက်ရန် ငွေပေးပြီးနောက်ကွယ်မှ စေခိုင်းခဲ့
29 Sep 2016 1,332 Views

တက္ကစီငှားစီးပြီးနောက် ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု သံလျင်မြို့တွင် ဖြစ်ပွားခဲ့သည်။ ဝိုင်းဝန်းရိုက်မှက်သူများကို ဖမ်းဆီစစ်ဆေးရာ ပိုက်ဆံပေး၍ လူငှားရိုက်ရန် ခိုင်းစေခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်မှာ ၂၁.၉.၂၀၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့် အချိန်ခန့်တွင် ဒေါပုံမြို့နယ်နေ ဦးမြတ်သူရထွန်းသည် ဒေါပုံမြို့နယ်၊ တပ်ဖွဲ့ထိပ်ကားမှတ်တိုင်၌ ၎င်း၏အငှားယာဉ်ဖြင့် ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသား(၄)ဦးမှ သန်လျင်မြို့နယ်၊ ကုလားဝဲတံတားအလွန်သို့ ယာဉ်စီးခ ၇၀၀၀ ကျပ်ဖြင့် ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးရာ သန်လျင်မြို့၊ ၆ လမ်းသွားလမ်းဆုံအနီးအရောက်တွင် ယာဉ်အားခေတ္တရပ်ခိုင်းခဲ့ပြီး ယာဉ်ငှားရမ်းခကို အခြားတစ်ဦးမှ လာရောက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် စောင့်ဆိုင်းနေစဉ် CC---- ပရိုဘောက် အငှားယာဉ်တစ်စီးရောက်ရှိလာပြီး ၎င်းယာဉ်ပေါ်မှ အမျိုးသားတစ်ဦးဆင်းလာကာ ငွေကျပ် ၃၀၀၀ သာပါရှိကြောင်းပြောဆိုသဖြင့် ဦးမြတ်သူရထွန်းမှ ယာဉ်စီးခမပေးတော့ရန်ပြောပြီး ပြန်မည်ပြုစဉ် ၎င်းအမျိုးသားများမှ “မင်း..အငယ်လေးလား”ဟုပြောဆိုပြီး ဝိုင်းဝန်းထိုးကြိတ်ကာ ခဲဖြင့်ထုရိုက်ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့်အငှားယာဉ်ကိုလည်း ထုရိုက်ကြသဖြင့် မော်တော်ယာဉ်မှာလည်းပျက်စီးခဲ့သည်။
အခင်းဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် သန်လျင်မြို့မရဲစခန်းမှ လှည့်ကင်းမီးတန်းယာဉ်တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ၆ လမ်းသွားလမ်းဆုံအနီးတွင် ယင်းသို့ကျူးလွန်သူ သန်လျင်မြို့နယ်နေသူများဖြစ်သည့် သန့်ဇင်ဦး၊(၂၂)နှစ်၊ အငွေလေး၊ (၄၃)နှစ်၊ ဇော်ဝင်း၊ (၄၇)နှစ်၊ ကျော်မိုးခိုင်၊ (၃၇)နှစ်နှင့် ဝင်းရွှေ၊ (၅၀)နှစ်တို့(၅)ဦးကိုဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့မရဲစခန်း (ပ)၁၆၆၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၄၄၀/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

တရားခံတို့အားစစ်ဆေးချက်အရ ဦးမြတ်သူရထွန်းအား ယင်းကဲ့သို့ရိုက်နှက်ပေးရန် ခိုင်းစေသူများသည် သာကေတမြို့နယ်နေ ဇော်ဝင်း(ခ)ဇော်ကြီး၊ (၄၆)နှစ်နှင့် ဒေါပုံမြို့နယ်နေ ဆန်းဦး၊ (၄၅)နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးအား ဆက်လက်ဖမ်းဆီးခဲ့သည်။
စစ်ဆေးချက်များအရ ယခင်က ဇော်ဝင်း(ခ)ဇော်ကြီးတို့ မိသားစုချင်း စိတ်ဝမ်းကွဲအောင် ဦးမြတ်သူရထွန်းမှ ပြောဆိုခဲ့သည်ဟု ဇော်ဝင်း(ခ) ဇော်ကြီးမှ မကျေမနပ်ဖြစ်နေပြီး ဦးမြတ်သူရထွန်းကို နာကျင်ဒဏ်ရာရရှိအောင် ပြုလုပ်ပေးရန် ဆန်းဦးအားငှားရမ်းခဲ့၍ ဆန်းဦးမှတစ်ဆင့် ငွေကျပ် ၇ သိန်းဖြင့် သန့်ဇင်ဦးပါ ၅ ဦးကို ထပ်ဆင့်ငှားရမ်းခဲ့ပြီး ကြိုတင်ကြံစည်ကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
တရားခံများထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး ၎င်းတို့(၇)ဦးကို အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref:YangonPolice