တည်ခိုခန်းများ မြန်မာအမည်သို့ ပြောင်းခိုင်းခြင်းအပေါ် ဝေဖန်မှုများရှိနေ
27 Sep 2016 1,473 Views

မြို့တော်စည်ပင် ခွင့်ပြုချက်နှင့် ဖွင့်လှစ်ထားသော တည်းခိုခန်းများတွင် တည်းခိုခန်းအမည်များကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဖော်ပြရန် စက်တင်ဘာ လဆန်းကတည်းက ညွှန်ကြားချက်များ ထုတ်ပြန်ထားခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့တွင် နောက်ဆုံးထားပြီးလိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။
ယခုလို ညွှန်ကြားချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်များ နိုင်ငံခြားခရီးသွားဧည့်သည်များသည် အဆိုပါ တည်းခိုခန်းများတွင် လာရောက် တည်းခိုခြင်းမပြုနိုင်အောင် တစ်ဖက်တစ်လမ်းမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားဧည့်သည်များ အနေနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌါနမှ လိုင်စင်ချပေးထားသော ဟိုတယ်များတွင်သာ တည်းခိုခွင့်ရှိပြီး အဆိုပါဟိုတယ်များ၏ အမည်များကိုလည်း အင်္ဂလိပ်လိုသာ ရေးသားဖော်ပြရန်လည်း ညွှန်ကြားထားခဲ့ပြီးဖြစ်သည်။
အထက်ပါအတိုင်း ခွဲခြားကန့်သတ်ထားမှုအပေါ် တည်းခိုခန်းဖွင့်လှစ်ထားသူများ၊ ဧည့်လမ်းညွှန်များက ထောက်ပြဝေဖန်မှုများလည်း လတ်တလောမှာ ပေါ်ထွက်လာခဲ့ပါတယ်။
စည်ပင်ဟိုတယ်တွေကို မြန်မာနာမည် ပြောင်းရမယ်ဆိုတာ အဓိပ္ပာယ် မရှိပါဘူး။ သူများနိုင်ငံတွေမှာဆိုရင် ဘယ်ဟိုတယ်ဖြစ်ဖြစ် တည်းလို့ရတယ်။ Home Stay လည်း နေလို့ရတယ်။ အခုဟာက ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ အခုလိုပုံစံမျိုး လုပ်တယ်ဆိုတာက ဟိုတယ်ကြီးတွေက လက်ဝါးကြီး အုပ်ချင်လို့ လုပ်တယ်လို့ ထင်တယ်။ ဒီလို မြန်မာနာမည်နဲ့သာ ပြောင်းလိုက်ပြီး နိုင်ငံခြားသားတွေက တွေ့လို့ မေးရင်ရော Guide တွေ အနေနဲ့ ဘယ်လိုဖြေကြမလဲ။ နောက်တစ်ခုက နိုင်ငံခြားသားတွေစီးတဲ့ ကားတွေကိုလည်း လိုင်စင်အပြာ ပြောင်းရမယ်တဲ့။ ဘယ်လို ဥပဒေတွေလဲဆိုတာ နားမလည်တော့ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် တည်းခိုခန်း ဖွင့်လှစ်ထားသူ တစ်ဦးကလည်း ဝေဖန်ခဲ့သည်။
ဧည့်လမ်းညွှန်တစ်ဦးကလည်း “ဒီလို စာထုတ်မဲ့အစား ဟိုတယ်ကြီးတွေက တည်းခိုစရိတ်တွေကို အခုထက် လျှော့ချပေးသင့်တယ်လို့ ထင်တယ်။ မြန်မာပြည်ကို လာတဲ့ နိုင်ငံခြားသားတိုင်းက ပိုက်ဆံသုံးနိုင်ကြတာ မဟုတ်ဘူး။ တကယ့် VIP တွေလောက်ပဲ သုံးနိုင်ကြတာလေ။ အဲဒီတော့ နိုင်ငံခြားသားတွေ တော်တော်များများက ဈေးသက်သာတဲ့ တည်းခိုခန်းကို ရှာတည်းကြတယ်။ အဲဒီလို ရှာတည်းကြတော့ ဟိုတယ်ကြီးတွေ အတွက်က နစ်နာရတယ်။ အဲဒီအတွက်ကြောင့် အခုလို လုပ်လိုက်တယ်လို့ ထင်တယ်။ အခုကိစ္စမှာ Guide တစ်ယောက်အနေနဲ့ နိုင်ငံခြားသားတွေ မေးလာခဲ့ရင် ဘယ်လိုဖြေမလဲ” ဟု ပြောခဲ့သည်။
နိုင်ငံခြားသားများ နိုင်ငံတွင်း ပိုမိုလာရောက်လည်ပတ်နိုင်အောင် စီစဉ်ရမည့်အစား ယခုလို ကန့်သတ်ချက်များ ထားနေခြင်းက နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် အခက်အခဲတွေ့စေနိုင်သကဲ့သို့ တည်းခိုခန်းပိုင်ရှင်များတွင်လည်း စီးပွားအရ ရပ်တည်ရန် အခွင့်အလမ်း နည်းပါးသွားကြောင်း ခရီးသွားလုပ်ငန် အသိုင်းဝိုင်းမှ ဝေဖန်မှုများရှိနေပါတယ်။