BEC-TERO TV

“အင်းဝဆိုင် ပိုင်ရှင်တွေရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို ကော်မရှင်က တစ်ခုမှ ဝင်ရောက်ပြောဆိုခဲ့ခြင်း မရှိဘူး'' Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် တွေ့ဆုံခြင်း

23 Sep 2016     1,366 Views


အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေး နှစ်ဦးကို ဆိုင်ရှင် မိသားစုက ညှဉ်းပန်း နှိပ်စက်မှုကို စုံစမ်းဖော်ထုတ်ခဲ့ရုံ သာမက ရဲစခန်းနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို The Voice က သီးသန့် တွေ့ဆုံ၍ ၎င်းစုံစမ်း ဖော်ထုတ်ခဲ့မှု အခြေအနေ၊ ရဲစခန်းနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ အမှုဖွင့် တိုင်ကြားခဲ့ရာတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများကို တွေ့ဆုံမေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။
 
Voice : မိန်းကလေးတွေ ညှဉ်းပန်း နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ချက် စဖွင့်တုန်းက အခြေအနေကို ပထမဆုံး သိချင်ပါတယ်။
 
KSW : ကျွန်တော်က ကလေးတွေမှာ ရှိနေတဲ့ ဒဏ်ရာတွေကို ဓာတ်ပုံ အချက်အလက်တွေနဲ့ ပေးပြီး တိုင်ကြားခဲ့တာ။ ပုံတွေနဲ့ ကလေးတွေရဲ့ အမည်၊ အိမ် လိပ်စာ၊ အတိအကျနဲ့ တိုင်ကြားခဲ့တယ်။ ရဲတပ်ဖွဲ့က အမြန် ကယ်ဆယ်ဖို့ဆိုပြီး တိုင်ကြားခဲ့တာ ဖြစ်တယ်။ ကျွန်တော် သတင်းယူတာကို ဆိုင်ပိုင်ရှင်တွေက သတိထားမိတော့ ရဲတပ်ဖွဲ့ အနေနဲ့ ကလေးတွေကို ကူညီဖို့ အကြိမ်ကြိမ် ဖုန်းဆက်တယ်။ နားကွဲမတတ် ဆက်ခဲ့တာ။ ဒါပေမဲ့ ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ဘူး။
 
Voice : ကိုဆွေဝင်း အနေနဲ့ရော ရဲတပ်ဖွဲ့တွေကို အထောက်အထားတွေ၊ အချက်အလက်တွေ ပေးခဲ့တာရှိလား။
 
KSW : ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေ အားလုံးကို ဓာတ်ပုံ အထောက်အထားတွေ အားလုံးကို ကျွန်တော် ရဲတပ်ဖွဲ့ကို ပေးခဲ့တယ်။ ကျွန်တော်က ဒီအိမ်တစ်ခုလုံးမှာ ရှိတဲ့ မိသားစုဝင်တွေကို ဓာတ်ပုံ မှတ်တမ်းတွေ ရယူထားတယ်။ မှတ်တမ်းပုံတွေကို ကလေးငယ်တွေကို ပြပြီးတော့မှ သမီးတို့ကို ဘယ်သူက နှိပ်စက်လဲ၊ သမီးတို့ကို မီးရှို့တာ ဘယ်သူလဲ၊ အသေးစိတ် ဘယ်သူတွေ ကျူးလွန်တယ် ဆိုတာကို ပြခဲ့တယ်။ ကလေးတွေက ပုံကို ကြည့်ပြီး ဒီလူတွေက ဒါတွေ လုပ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ရဲတပ်ဖွဲ့ကို ပေးထားတယ်။ နောက်ပြီး စုံစမ်းတယ်၊ ရလာတဲ့ အချက်အလက်တွေကို ရဲတပ်ဖွဲ့ထံပေးတယ်။ ကလေးတွေ နှိပ်စက်ခံရတဲ့ အချိန်မှာ သိနိုင်တဲ့သူတွေကို အသိသက်သေ၊ မျက်မြင်သက်သေ စသည့်အချက်တွေကို ရဲတပ်ဖွဲ့ကို ပေးထားခဲ့ပါတယ်။
 
Voice : ကျောက်တံတား ရဲတပ်ဖွဲ့က ယခုဖြစ်စဉ်ကို ဖုံးဖုံးဖိဖိ လုပ်တယ်လို့ ဆိုနိုင်မလား။
 
KSW : မနေ့က ခုံရုံးဖွဲ့ စစ်လိုက်တော့ တွေ့ရတာက တာဝန်ကျတဲ့ တာဝန်မှူးကနေပြီးတော့ မြို့နယ် စခန်းမှူးအထိကို တိုင်ကြားချက်ကို ပေးတယ်။ ဆက်လက် ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ဘူး။ ကလေးတွေကို ကယ်ပေးဖို့ ရဲစခန်းကို နေ့စဉ် ဆက်တယ်။ တစ်လလောက်ကြာမှ ခေါ်ယူ တွေ့ဆုံမှုတွေ လုပ်ခဲ့တာပေါ့။
 
Voice : လူ့အခွင့်အရေး ကော်မရှင်ရုံးမှာ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်နဲ့ ကလေး မိဘတွေ ညှိနှိုင်းတဲ့ပွဲလည်းပါခဲ့တာ ပြောဆိုခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
 
KSW : ကော်မရှင်ရုံးကို ရောက်တဲ့ခါ နှစ်ဖက် ဆွေးနွေးတော့ ကျွန်တော်က ဒီကိစ္စက ရာဇဝတ်မှု မြောက်တယ်။ ဒီလိုကိစ္စတွေက သိန်းပေါင်း တစ်ထောင် သိန်းပေါင်း တစ်သောင်း ပေးတာတောင် ဖြေရှင်းလို့ မရဘူးဆိုပြီး ကျွန်တော် ကန့်ကွက် ပြောကြားခဲ့တယ်။ အဲဒါကို ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းကနေ ကိုဆွေဝင်း ခင်ဗျား မပြောနဲ့ ကာယကံရှင် ပြောပါစေ ဆိုပြီးတော့ ဆက်ပြီး ပြောတော့ ပြောခွင့် မပေးတော့ဘူး။ ကာယကံရှင်တွေက အဲအချိန်မှာ ဘာပြောရမှန်းကို မသိ ဖြစ်နေကြတယ်။ သူတို့တွေက မြို့လည်း မရောက်ဖူးတဲ့ လူတွေ ဖြစ်တယ်။ သူတို့ ရောက်နေတဲ့ နေရာက ရဲစခန်းလား တရားရုံးလား ကော်မရှင် ရုံးခန်းလား ဆိုတာ ဘာမှန်းကို မသိတဲ့ အခြေအနေမှာ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေကနေ ဒီကလေး မိဘတွေကို ဝမ်းနည်းစကား တောင်းပန် စကား တစ်ခုမှ မပြောဘဲ ကလေး မိဘတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ် ခိုင်းစေတဲ့အတွက် ရာဇဝတ်ကြောင်းအရ အရေးယူပေးပါ ဆိုပြီး ထပြောတယ်။
 
Voice : အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်က ကော်မရှင် အဖွဲ့ရှေ့မှာ အသက် မပြည့်တဲ့ ကလေး မိဘတွေကို ရာဇဝတ်ကြောင်းအရ အရေးယူမယ် ပြောတော့ ကော်မရှင် အဖွဲ့ဝင်တွေက ဘယ်လို ပြောဆိုခဲ့တာ တွေ့မြင်ခဲ့ရလဲ။
 
KSW : ဆိုင်ရှင်ဘက်က ဒေါသမာန်နဲ့ ပြောလိုက်တဲ့အခါ ကလေး မိဘတွေက ကြောက်ရွံ့ နေကြတယ်။ အင်းဝ အပ်ချုပ်ဆိုင်ဘက်က ထပ်ပြောတယ်။ ကလေးတွေ ကျူးလွန်ခဲ့တဲ့ အမှုတွေ ရှိတယ်။ အမှုတွေအတွက် အထောက်အထားတွေ များစွာ ရှိတယ်။ ဒီလို အင်းဝ ဆိုင်ပိုင်ရှင်တွေရဲ့ ခြိမ်းခြောက် ပြောဆိုမှုတွေကို ကော်မရှင်က တစ်ခုမှ ဝင်ရောက် ပြောဆိုခဲ့ခြင်း မရှိဘူး။
 
Voice : ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြက အိမ်ရှင်နဲ့ အိမ်ဖော်ဆိုတာ ပြဿနာတွေက ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရတယ်။ ကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်မြမြက သူကိုယ်တိုင် လူအများရှေ့မှာ ဒီစကား တကယ် ပြောခဲ့တာလား။
 
KSW : ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြ ကိုယ်တိုင်က အိမ်ရှင်နဲ့ အိမ်ဖော်ဆိုတာ ဖြစ်တတ်တာပေါ့။ ဖြစ်လေ့ ဖြစ်ထ ရှိတာပေါ့။ သူကိုယ်တိုင်လည်း အိမ်ဖော်ကို ရိုက်ခဲ့ရတာတွေ ရှိတယ်ဆိုပြီး ရာဇဝတ်မှုကို အားပေး အားမြောက် ပုံသဏ္ဌန်နဲ့ ထပြီး ပြောတယ်။ အဲအချိန်မှာ ကလေး မိဘတွေက ဘာပြောရမှန်းကို မသိဘူး ဖြစ်သွားကြတယ်။ ကျွန်တော်က အခုလို အခြေအနေတွေ ဖြစ်လာတဲ့အခါ ထပြောလိုက်တယ်။ ခင်ဗျားတို့ အခုလို ညှိနှိုင်းကြမယ်ဆိုရင် မှုခင်း ဆရာဝန်ကြီးကို ခေါ်ရမယ်။ ဒဏ်ရာတွေ ကြည့်ရမယ်။ ကုသဖို့အတွက် ဘယ်လောက်ထိ အချိန် ယူရမယ်၊ ကုသစရိတ် ဘယ်လောက်ထိ ကုန်ကျမယ် ဆိုတဲ့ အသေးစိတ်ကို တွက်ချက်ရမှာ ဖြစ်တယ်။ ကျွန်တော် တင်ပြတဲ့ကိစ္စကို  ကော်မရှင်ဘက်က ဘာမှ ထောက်ခံ ပြောဆိုခြင်း မရှိဘူး။ ဘာတစ်ခုမှ မပြောဘူး ကော်မရှင်က လူတွေက။ အစည်းအဝေးက ကြာလာတယ်။ ကလေး မိဘတွေက ဘာလုပ်ရမှန်းကို မသိ ဖြစ်နေကြတယ်။ ကော်မရှင်က ကလေး မိဘတွေက ဥပဒေ လမ်းကြောင်းအတိုင်း လုပ်မယ်ဆိုရင် တရားရုံး တက်ရမယ်။ ရုံးချိန်း သွားရမယ်။ တောကနေ မြို့ကို တက်လာကြမယ် သွားရေး လာရေး ဒုက္ခတွေ ရောက်မယ်ဆိုတဲ့ အခြေအနေကို ရေလာမြောင်းပေး အနေနဲ့ ပြောဆိုလာတယ်။ ကလေးမိဘတွေက ဘာမှ မပြောရဲ မဆိုရဲတဲ့ သူတွေပါ။ သူတို့ရဲ့ ဆန္ဒက အခု ရောက်နေတဲ့ အခန်းကနေ အမြန်ဆုံး ပြန်ထွက်ခွင့်ရရေးအတွက်ပဲ ဖြစ်တယ်။ တစ်ဖက်က ငွေကြေးဆိုတဲ့ အရာနဲ့ ညှိနှိုင်းဖို့ ပြောဆို လာခဲ့ကြတယ်။ မိန်းကလေး တစ်ယောက်က လက် ဆယ်ချောင်းလုံး ကျိုးသွားတယ်။ ခန္ဓာကိုယ်မှာ မီးလောင် ဒဏ်ရာ၊ ကတ်ကြေး ဒဏ်ရာတွေ အများကြီး၊ လပေါင်း များစွာ ရရှိခြင်း မရှိခဲ့တဲ့ လုပ်အားခ အပါအဝင် နစ်နာကြေး သိန်း ၄ဝ နဲ့ ညှိတယ်။ နောက်တစ်ယောက်က မကျိုးဘူး။ ဒဏ်ရာတွေ ရတယ်။ လပေါင်း မြောက်မြားစွာ လုပ်ခ လစာ မရခဲ့တဲ့အတွက် အားလုံး အပါအဝင် နစ်နာကြေး ၁ဝ သိန်းဆိုတာ ဖြစ်သွားတယ်။ အကုန်လုံးအတွက် နစ်နာကြေး ပေးခဲ့တာတွေကို ကလေး မိဘတွေက ဘာတစ်ခုမှ တုံ့ပြန် ပြောဆိုခဲ့တာ မရှိဘူး။ နောက်ဆုံး ရလာတဲ့ ငွေနဲ့ ပြီးဆုံးခဲ့တယ်။
 
Voice : နှစ်ယောက်ပေါင်း သိန်း ၅ဝ နဲ့ သဘောတူခဲ့ပြီးနောက် ကော်မရှင်ရှေ့မှာ ဘယ်လို ကတိကဝတ်တွေ ရှိခဲ့ကြလဲ။
 
KSW : အစည်းအဝေး မပြီးခင်မှာ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်က ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းကို မေးတယ်။ ကာယကံရှင်တွေက ကျေနပ်လို့ ငွေပေးလိုက်ပြီ ထားပါတော့။ ကိုဆွေဝင်း ကြည့်ရတာ ကျေနပ်ခြင်း မရှိဘူး။ သူကလည်း ဒီကိစ္စအပေါ်ကို တိုင်ကြားသူ ဖြစ်တယ်။ သူကနေ အမှု စွဲမယ်ဆိုရင် ဘယ်လိုဖြစ်နိုင်မှာလဲ ဆိုပြီး ဦးဇော်ဝင်းကို မေးလိုက်တယ်။ ဦးဇော်ဝင်းက အဲဒီလို မေးတဲ့ မေးခွန်းကို သူကိုယ်တိုင် တိုင်ချင်တိုင် စွဲချင်စွဲပေါ့ဗျာ။ အဲ့စကားကြောင့် အင်းဝ စက်ချုပ်ဆိုင် ပိုင်ရှင်တွေက အားတက်သွားတယ်။ ကျွန်တော့်ကိုလည်း အစည်းအဝေးမှာ ဒီသတင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် မတင်ပါနဲ့။ သတင်း မရေးပါနဲ့ဆိုပြီး ပြောတယ်။ အဲဒီတွေ့ဆုံမှုက တရား မျှတခြင်း မရှိဘဲ အဆုံးသတ်ခဲ့ရတယ်။
 
Voice : ကော်မရှင်ရုံးမှာ အင်းဝ စက်ချုပ်ဆိုင် မိသားစု အပါအဝင် ကလေးတွေရဲ့ မိဘတွေက တစ်ကြိမ်ပဲ တွေ့ဆုံခဲ့ကြတာလား။ ဒီတွေ့ဆုံမှု မတိုင်ခင်ရော တွေ့ခဲ့ကြသေးလာ။
 
KSW : ကလေးမိဘတွေနဲ့ ကော်မရှင် တွေ့ဆုံခဲ့တယ်လို့ ကျွန်တော် မကြားခဲ့ဘူး။ ကျွန်တော် သိထားတာက အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေနဲ့ ကော်မရှင်က အဖွဲ့ဝင်တွေနဲ့ ပထမ တစ်ခေါက် တွေ့ပြီးပြီဆိုတဲ့ ကိစ္စကို ကျွန်တော် သိထားတယ်။ သူတို့တွေ ဘယ်လို တွေ့ဆုံခဲ့ကြတယ် ဆိုတာကိုတော့ ကျွန်တော် အသေးစိတ် အချက်အလက်တော့ မသိရဘူး။ အတည်ပြု ပြောနိုင်တာကတော့ ကော်မရှင်နဲ့ အင်းဝ ဆိုင်ပိုင်ရှင်တို့ တွေ့ဆုံမှု ရှိခဲ့ကြတယ်။ ကော်မရှင် အဖွဲ့ဝင် အချို့နဲ့ တွေ့ကြတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် သွားတဲ့နေ့မှာပဲ ကော်မရှင်အဖွဲ့ကနေ စပြီးတော့ မိတ်ဆက်ခိုင်းတဲ့အခါ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်က နိုင်ငံခြားမှာ ၁၆ နှစ်လောက် နေခဲ့တယ်။ လူ့အခွင့်အရေးရှိတဲ့ နိုင်ငံမှာ နေခဲတဲ့အတွက်ကြောင့် လူ့အခွင့်အရေး နားလည်တယ်ဆိုပြီးတော့ ဦးဇော်ဝင်းက စပြီးပြောခဲ့တယ်။ သူတို့တွေ တစ်ကြိမ် နှစ်ကြိမ်တော့ တွေ့ပြီးတဲ့ အနေအထားမှာ ရှိတယ်။
 
Voice : ကော်မရှင်က ရာဇဝတ်မှု မြောက်တဲ့ ကြီး လေးတဲ့ ကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့သဘော သက်ရောက်နေလား။
 
KSW : ဒီကိစ္စက ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ သာမန် ရာဇဝတ်မှု မဟုတ်ဘူး။ ကလေးငယ် နှစ်ယောက် နှစ်ပေါင်း များစွာ နှိပ်စက်ခံခဲ့ရတဲ့ ကိစ္စ ဖြစ်တယ်။ မျှတတဲ့ တရား စီရင်ရေး ငွေများငွေနိုင် လုပ်ချင်တိုင်း လုပ်လို့ ရတယ်ဆိုတဲ့ သဘောတရား ဥပဒေ ကင်းမဲ့တဲ့ အဖြစ်မျိုးကို မရောက်အောင် ကျွန်တော်တို့က ကြိုးစားခဲ့ခြင်း ဖြစ်တယ်။ အဖမ်း မခံရခင်က ကလေးတွေ နေထိုင်တဲ့ ရွာအုပ်ချုပ်ရေးမှူးကို အင်းဝ ဆိုင်ဘက်က လှမ်းပြီး ဖုန်းဆက်တယ်။ ကျွန်တော်လာရင် ကလေးတွေကို တခြားရွာမှာ ဝှက်ထားပေးပါ ဆိုပြီး ရွာအုပ်ချုပ်ရေးမှူးကို ကမ်းလှမ်းခဲ့တာ ရှိတယ်။ ရွာကိုသွားပြီး သွားရောက် သတင်း ယူစဉ်မှာလည်း အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပြီး ကျွန်တော့်ကို ပြောလိုက် တစ်ကွေ့ကွေ့မှာ တွေ့မယ်ဆိုပြီး ပြောဆိုတာတွေ ရှိခဲ့တယ်။
 
Voice : သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတက ဂုဏ်ပြု အသိအမှတ်ပြုမယ် ဆိုတော့ ဆရာ ကိုဆွေဝင်း အနေနဲ့ရော သမ္မတကို ဘာပြောချင်လဲ။
 
KSW : အသိအမှတ် ပြုတာကို ကျေးဇူးတင်တယ်။ ဒီအချိန်မှာ ကျွန်တော် ဂုဏ်ပြုတာထက် လုပ်သင့်တာကို လုပ်ပေးပါလို့ ပြောချင်တယ်။ ကလေးတွေကို နှိပ်စက်တာက တစ်ယောက်တည်းက နှိပ်စက်တာ မဟုတ်ဘဲ အုပ်စုလိုက် နှိပ်စက်တာ ဖြစ်လို့ ဖြစ်ရပ်မှာ ပါဝင်သူတွေ အားလုံးကို တစ်ယောက် မကျန် ဖမ်းဆီး ရရှိရေး တရားဥပဒေရဲ့ ရှေ့မှောက်ကို ရောက်ရှိရေးကို အစိုးရ အနေနဲ့ ဆောင်ရွက် ပေးစေချင်တယ်။ သွေးပူနေတဲ့ အချိန်မှာ ဆောင်ရွက်ပေးနေပြီး သွေးအေးတဲ့အခါ မိဘတွေက ဥပဒေ နားမလည် ငွေကြေး အင်အားကလည်း မရှိ တစ်ဖက်က ငွေကြေးအင်အား တောင့်တင်းတယ်။ ဓနအင်အား တောင့်တင်းတယ် ဆွေမျိုး အသိုင်းအဝိုင်း တောင့်တင်းတယ်။ အဲဒီလို အခြေအနေကို အသုံးချပြီးတော့ ဥပဒေကို သွေဖည်ခြင်း မရောက်အောင် အစိုးရအနေနဲ့ ကြိုးစား ပေးစေချင်တယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး အစိုးရက ရှေ့နေတွေ စီစဉ်ပေးရမယ်။ မည်သူတစ်ဦး တစ်ယောက်မှ သြဇာ လွှမ်းမိုးခြင်း မရှိအောင် အစိုးရက စီစဉ် ပေးထားရမယ်။ အစိုးရက အခုလို ဖြစ်စဉ်တွေကို ကိုင်တွယ်တာ မဟုတ်ဘဲ နောက်ဒါမျိုးတွေ မဖြစ်အောင် အစိုးရ လုပ်သင့်တယ်။ ဥပမာ - အသက် မပြည့်တဲ့ ကလေးငယ်တွေကို အိမ်အကူ ခိုင်းစေခြင်း မရှိဆိုတဲ့ ပြစ်ဒဏ်ကို အစိုးရက ထိထိမိမိ ဥပဒေကို ပြဋ္ဌာန်း ဆောင်ရွက် ပေးသင့်တယ်။ တစ်နိုင်ငံလုံး လွှမ်းခြုံအောင် လုပ်ပေးသင့်တယ်။
 
Voice : ဆရာ ကိုဆွေဝင်းကရော သမ္မတကြီး ပေးအပ်တဲ့ဆု လက်ခံ ရယူတဲ့အခါ ပြန်ကြားရေးဝန်ကြီးကို ကော်မရှင်နဲ့ ပတ်သက်ပြီး ဘာတွေ တင်ပြဖို့ရှိလဲ။
 
KSW : သမ္မတကို တိုက်တွန်းချင်တာက လူ့အခွင့်အရေး ကော်မရှင် ဆိုတာက လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းရမယ်။ လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင် နားလည်တဲ့သူ၊ လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့ သမိုင်းမှတ်တမ်းကောင်းတွေ ရှိသူတွေ ဖြစ်ရပါမယ်။ ယခင် စစ်အစိုးရ လက်ထက်တုန်းက လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေက လူ့အခွင့်အရေး ကာကွယ်သူတွေ ဆိုပြီး ခန့်အပ်ထားတာ ဘာအနှစ်သာရမှ မရှိဘူး။ အာဏာပိုင် အဖွဲ့တွေနဲ့ ပတ်သက်ခြင်း မရှိဘဲ သီးခြား ကင်းလွတ်တဲ့ လူ့အခွင့်အရေးကို လုပ်ကိုင်နိုင်တဲ့ သူတွေနဲ့ အစားထိုးပြီး ဖွဲ့စည်းပေးပါလို့ အကြံပြုမယ်။ အခုဖြစ်စဉ်မှာ ကော်မရှင်က စုံစမ်း စစ်ဆေးရမယ့် ကိစ္စကို ကိုယ်တိုင် စုံစမ်းခြင်း မရှိဘူး။ ညှိနှိုင်း ဖြေရှင်းလို့ မရတဲ့ကိစ္စကို ညှိနှိုင်း ဖြေရှင်းဖို့ လုပ်ခဲ့တယ်။ ညှိနှိုင်းခဲ့တဲ့ ကိစ္စမှာ တည်ဆဲ ဥပဒေတွေကို ဖောက်ဖျက်ခဲ့တယ်။ ကျေအေးလို့ မရတဲ့အမှုကို ဖောက်ဖျက်ပြီး ငွေများ တရားနိုင်ဆိုပြီး အားပေး ကူညီခဲ့တယ်။ ဒီလို အားပေး ကူညီတာ ကြီးလေးတဲ့ ပြစ်မှု မြောက်တယ်။
ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြကနေ သူ ကိုယ်တိုင် အိမ်အကူတွေကို ရိုက်ပါတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကနေ အမြန်ဆုံး ဒေါ်မြမြအိမ်မှာ ထမ်းဆောင်နေတဲ့ အိမ်အကူတွေကို ကျူးလွန်ခြင်းကို စစ်ဆေးသင့်တယ်။ စစ်ဆေးပြီး အမှန်တကယ် ရိုက်နှက်တယ်ဆိုရင် ဒေါ်မြမြကို သက်ဆိုင်ရာကနေ အရေးယူဖို့ လိုတယ်။ လူ့အခွင့်အရေးကို ကာကွယ်ပါတယ် ဆိုပြီး နိုင်ငံတော်ရဲ့ ငွေ အလုံးအရင်းကို ရယူထားတဲ့ အဖွဲ့အစည်း တစ်ခုဝင်က ကျူးလွန်တယ်ဆိုရင် အရေးယူပေးရမယ်။ အဲဒါတွေကို အစိုးရကို အကြံပြုမယ်။
 
Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 
ကျော်စိုးဦး
 
Credit:The Voice

23 Sep 2016     1,366 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS