BEC-TERO TV

ကိုယ်အင်္ဂါချို့ယွင်းသည်အထိ နှိပ်စက်ခံရသော အိမ်အကူအမျိုးသမီး ငယ်နှစ်ဦး၏ဖြစ်စဉ်ကို ညှိနှိုင်းပေးခဲ့ခြင်းမှာ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်ဟုဆို

22 Sep 2016     1,350 Views


အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်၏ နှိပ်စက်မှု ကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသော အိမ်အကူ အမျိုးသမီးငယ် နှစ်ဦး၏ ဖြစ်စဉ်ကို ညှိနှိုင်းပေးခဲ့ခြင်းမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ထုံးလုပ် နည်းအတိုင်း ဖြစ်ကြောင်း ညှိနှိုင်းဖြေရှင်းပေးခဲ့သည့် အဖွဲ့ဝင်တို့က ပြောဆိုလိုက်သည်။ 
 
စက်တင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ သတင်းမီဒီယာတို့ တွေဆုံမေးမြန်းမှု တစ်ရပ်ပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ၏ မေးမြန်းမှုကို အိမ်အကူလုပ်သားအမှုကို ငွေကျပ်သိန်း ၅၀ ရရှိရန် ညှိနှိုင်းပေးခဲ့သည့် ကော်မရှင်အဖွဲ့ဝင်ငါးဦးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
ဒီလိုအမှုတွေကလေ။ လျော်ကြေးနဲ့တင် ဖြေရှင်းလို့ရတာလား ဆိုတဲ့ကိစ္စကတော့လေ၊ ဒါကတော့ အင်မတန်ကျယ်ပြန့်တယ်ဗျ။ ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းလေးတွေအတိုင်း ကျွန်တော်တို့လုပ်ပေးလိုက်တာပဲ။ လုပ်ပေးလိုက်တော့ သူတို့ဘာသာ သူတို့ကျေနပ်သွားတာပဲ"ဟု မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက မီဒီယာများ၏ မေးမြန်းမှုကိုပြောသည်။
 
လူ့အခွင့်အရေးကော်မရှင်အနေနှင့် ယခုဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အမှုသည် လူ့အခွင့်အရေးဥပဒေပုဒ်မ ၂၂၊ ပုဒ်မ ၃၇၊ တို့အရ တရားရေးကို အမှုလည်းမရောက်သေး၊ သက်ဆိုင်ရာမှလည်း အမှုမဖွင့်သေးခြင်းကြောင့် လူသားချင်းစာနာထောက် ထားသည့်အပြင် လူ့အခွင့်အရေးကော်မရှင် ဖြစ်သည့်အတွက် မိမိတို့လုပ်ငန်းကို မိမိတို့လုပ်ခြင်းသာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ဆက်လက်ပြောသည်။
 
"ညှိတဲ့အခါကျွန်တော်တို့က ရှင်းရှင်းပြောတယ်လေ၊ အမှုဖွင့်မလား ကျေအေးမလားဆိုတာ ကိုယ့်ဘာသာ ဆွေးနွေး၊ နောက်သူ တို့လွတ် လွတ်လပ် လပ်ဆွေးနွေးလို့ရအောင်တောင် ကျွန်တော်တို့က ၁၅ မိနစ် ထွက်ပေးလိုက် တယ်။ ၁၅ မိနစ်ဆိုပေမယ့် နာရီဝက် ကြာပါတယ်။ ပြီးတော့မှ သူတို့ ဆွေးနွေးပြီးပါပြီဆိုမှ ကျွန်တော်တို့ပြန်ဝင်တယ်။ သူတို့ဆွေးနွေးတဲ့အတိုင်း သူတို့ရဲ့ညှိနှိုင်းပြီးတော့ သဘောတူညီ ချက်အတိုင်း သူတို့လုပ်သွားတယ်။ ကျွန်တော်တို့က ဒီကနေပြီးတော့ သက်သေအနေနဲ့ ဒါကိုဆောင်ရွက်ပေးလိုက်တာပေါ့။ သက်သေဆိုတာလည်း အမှန်တော့ အမျိုးသမီးရေးရာပါတယ်။ ရဲပါတယ်။ နောက်တစ်ခါထွေ အုပ် ကပါတယ်။ နောက်တစ်ခါရပ်ကွက် အုပ်ချုပ်ရေးမှူးပါတယ်။ ဒီငွေသိန်း ၅၀ ဆိုတာသူတို့ သဘောတူကျေနပ်လို့ လက်ခံသွားတာပါ။ သူတို့ဘာသာ ညှိနှိုင်းပြီးတောင်းတဲ့ငွေပါ။ ကျွန်တော်တို့ သတ်မှတ်ပေးတာမဟုတ်ပါဘူး" ဟု ဦးဇော်ဝင်း က ပြောသည်။
 
ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လာဘ်စားမှုရှိ၊ မရှိစုံစမ်းနိုင်ကြောင်း ၊ ကော်မတီ၏ လုပ်ပိုင်ခွင့် အတွင်းမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် သံသယကင်းရှင်းကြောင်း၊ ကော်မရှင်၏ ညှိနှိုင်းမှု အပေါ် ပြည်သူများ၏ မကျေနပ်ချက်များအပေါ် မှတ်ချက် မပေးလိုကြောင်း ဒီမိုကရေစီဖြစ်သဖြင့် လွတ်လပ်စွာသဘောထား ကွဲလွဲနိုင်ကြောင်း အစရှိသဖြင့်ကော်မရှင်ဘက်မှ သတင်းမီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။
 
အိမ်အကူအမျိုးသမီးငယ်နှစ် ဦးရရှိခဲ့သည့် ငွေကျပ်သိန်း ၅၀ သည် လျော်ကြေးသီးသန့်လားနစ်နာခဲ့သည့် လုပ်ခလစာအတွက်လား ၊ နှစ်ခုစလုံး အတွက်လားဆိုသည်ကိုမူ ကော်မရှင် အဖွဲ့ဝင်များက မသိရှိဟု ပြန်လည် ဖြေကြားခဲ့သည်။
 
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ "ကော်မရှင်အနေနဲ့ ကျွန်မတို့အ မျိုးသမီးအဖွဲ့အစည်းတွေ၊ လူ့အခွင့် အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့သာ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ခဲ့သင့်တယ်။ အဲဒီလိုသာဆို ကော်မရှင်အနေနဲ့အခုလို ပြဿနာမျိုးရင်ဆိုင်ရမယ်မထင်ဘူး " ဟု အမျိုးသမီးအရေး လှုပ်ရှားသူ မခင်လေးက မှတ်ချက် ပြုသည်။
 
ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ယနေ့တွင်ပင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးရှေ့၌ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသည့် အဖွဲ့တို့မှ တရားမျှတမှုဖြစ်စေရေးအ တွက်ဟုဆိုကာ ဆန္ဒပြခဲ့ကြသည်။
အသက် (၁၆) နှစ်နှင့် (၁၇) နှစ် အရွယ်အိမ်အကူအမျိုးသမီးငယ်နှစ်ဦး ကိုလုပ်ခလစာပေးခြင်းမရှိဘဲ၊ ချုပ်နှောင်ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့သူ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးနှစ်ဦးအမှုနှင့် ပတ်သက်၍ ကော်မရှင် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအဖြစ် အမှုကိုလက်ခံခဲ့ပြီး၊ စက်တင်ဘာ ၁၅ ရက် တွင် ကော်မရှင်ရုံး၌ နှစ်ဖက်ညှိနှိုင်းပေးခဲ့ကြောင်း၊ ယင်းသို့ညှိနှိုင်းမှုအရ မစန်း ကေခိုင် (၁၇နှစ်) အတွက် လျော်ကြေး ငွေကျပ် သိန်း ၄၀ နှင့် မသဇင် (၁၆ နှစ်) အတွက် လျော်ကြေးငွေ ကျပ် ၁၀ သိန်းရရှိ ပြေလည်ခဲ့ပြီး ယင်းနောက် ဆွေးနွေးစဉ်တွင် ပါဝင်ခဲ့သည့် လူကြီးများသက်သေထားကာ နစ်နာသူ တို့၏ မိခင်နှင့် အဒေါ်တို့မှ ငွေရရှိ ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည် ဟု ကော်မရှင်၏ ဖြေရှင်းမှုမှတ်တမ်း အရသိရသည်။
သို့သော်စက်တင်ဘာ ၂၀ ရက် တွင် အမှတ် (၆) လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လူကုန်ကူးမှုဖြင့် ငြိစွန်းသဖြင့်အမှုဖွင့်ကာ တရားခံဟု ယူဆရသူများကိုဖမ်းဆီးခဲ့ သည်။
 
အမှုဖွင့်ထားသော လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ သည် ၂၀၀၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ အရ အာမခံပေး၍ မရသလိုပြစ်မှုထင်ရှားပါက အနည်းဆုံးထောင် ဒဏ် ၁၀ နှစ်မှ အများဆုံးထောင် ဒဏ် နှစ်၂၀ အထိ အပြစ်ပေးနိုင်ကြောင်း ဥပဒေတွင် ဖော်ပြပါရှိသည်။
 
 
Source:Myanbnews

22 Sep 2016     1,350 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS