အပြင်မှာမမြင်ဘူးတဲ့ ချစ်သူကို ယုံမိလို့ လက်ပြန်ကြိုးတုပ် ချောင်းထဲပစ်ချခံရတဲ့ မိန်းကလေး
21 Sep 2016 1,596 Views

လူမှုကွန်ယက်တစ်ခုဖြစ်သည့် Bee Talk ပေါ်တွင် တွေဆုံချစ်ကြိုက်ခဲ့သော မိန်းကလေးကို ရည်းစားဖြစ်သူလူငယ်က ဓားထောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများကို လုယက်ပြီး မိန်းကလေးကို လက်ပြန်ကြိုးတုပ်ကာ ချောင်းထဲသို့ ပစ်ချခဲ့သည့် အမှုတစ်ခု စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ထားဝယ်တက္ကသိုလ်၊ ပထဝီမေဂျာမှ မကေကေခိုင် (၁၉) နှစ် နှင့် လောင်းလုံမြို့နယ် သဗျာရွာနေ မြတ်သူအောင် (၁၉ နှစ်) တို့နှစ်ဦးသည် လူမှုကွန်ယက်တစ်ခုဖြစ်သည့် Bee Talk ပေါ်တွင် ချစ်သူရည်စားများဖြစ်ခဲ့ပါတယ်။ တစ်ဦးနှင့်တစ်ဦး ယခင်ကအပြင်မှာ တွေ့ဆုံဖူးခြင်းမရှိသေးပဲ ပထမဦးဆုံးအနေနဲ့ တွေ့ဆုံကြရန် ကမြောကင်းတံတားထိပ်ရှိ ဘုရားသို့ ချိန်ဆိုခဲ့ကြသည်။ မကေကေခိုင် က သူမ၏ ဆိုင်ကယ်ကို ကမြောကင်း တံတားထိပ်ရှိ ဘုရားခြေရင်းတွင် ထားရှိကာ မြတ်သူအောင်၏ ဆိုင်ကယ်ဖြင့် စိုက်ပျိုးရေး ပန်းခြံဘက်သို့ သွားရောက် စကားပြောခဲ့ပြီးနောက် ကမြောကင်း တံတားပေါ်သို့သွားရန် ခေါ်သဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ တံတားအနီးမှ ထားဝယ်မြို့အဝင် ဆိုင်းဘုတ်အနီး အရောက်၌ မြတ်သူအောင်မှ မကေကေခိုင် ဝတ်ဆင်ထားသော နားကပ်အား ဝတ်ကြည့်လို၍ ခဏငှားရန်ပြောပြီး ၎င်း၏ဆိုင်ကယ် ထိုင်ခုံအောက်ခံခွက် အတွင်းမှ ဓားမြှောင်ကိုယူကာ မပေးလျှင် နားကိုလှီးဖြတ်မည်ဟု ပြောသဖြင့် မကေကေခိုင်မှ လှီးလိုလျှင် လှီးဟု ပြောလိုက်စဉ် မြတ်သူအောင်မှာ ဓားမြှောင်အား ဆိုင်ကယ်ထိုင်ခုံ အောက်ခံခွက်အတွင်း ပြန်ထည့်လိုက်ကြောင်း သိရသည်။
ထို့နောက် မြတ်သူအောင်မှ နားကပ်အား ခဏငှားရန်နှင့် ဝတ်ကြည့်ပြီးလျှင် ပြန်ပေးမည်ဟု ပြောသဖြင့် မကေကေခိုင်မှ နားကပ်အား ကိုယ်တိုင်ချွတ်ပေးလိုက်ရာ မြတ်သူအောင်မှာ နားကပ်ကို ဝတ်ဆင်လိုက်ပြီးနောက် မကေကေခိုင်အား လက်နောက်ပြန်လုပ်ခိုင်းရာ မကေကေခိုင်မှ လက်နောက်ပြန် လုပ်ပေးလိုက်စဉ် မြတ်သူအောင်မှ ၎င်းတွင် ပါလာသော ဖုန်းအားသွင်းကြိုးဖြင့် ချည်နှောင်၍ ပွေ့ချီကာ ကမြောကင်း တံတားပေါ်မှ ထားဝယ်မြစ် အတွင်းသို့ ပစ်ချခဲ့သည်။
လက်နောက်ပြန် တုတ်ထားသောကြိုးမှာ ပြုတ်ထွက်သွားပြီး ရေကူးနေစဉ် သဲစုပ်လှေတစ်စင်းမှ မကေကေခိုင် တွေ့ရှိဆယ်ယူခဲ့သည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် မကေကေခိုင် က တရားလိုပြု၍ မြတ်သူအောင်အား အရေးယူပေးပါရန် ထားဝယ်မြို့မ ရဲစခန်းသို့ တိုင်ကြားလာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေရာတွင် မြတ်သူအောင်အား လောင်းလုံမြို့နယ် ဝေဒီရွာ အဝင်တွင် တွေ့ရှိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးချက်အရ မကေကေခိုင်၏ ဆိုင်ကယ်အား လောင်းလုံမြို့တွင် ကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့ပြီး မကေကေခိုင်၏ ဖုန်းအား လောင်းလုံမြို့နယ် ညင်းမော်သုသာန်တွင် ဝှက်ထားခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စစ်မေးရာ ဆိုင်ကယ်ရောင်း၍ ရရှိသော ငွေများဖြင့် ထားဝယ်မြို့၌ ရွှေထည်ပစ္စည်းများ ဝယ်ယူထားကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် မြတ်သူအောင် (ခ) နေထက်လင်းအား ထားဝယ်မြို့မ ရဲစခန်းမှ (ပ)၁၀၈၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၈၄/၃၀၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Ref:Eleven