ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရာတွင် စံအဖြစ်သတ်မှတ်မည့် စာချုပ်တွင် ထည့်သွင်းရန်အချက်လက်များ စတင်ဆွေးနွေးပြီ
21 Sep 2016 1,344 Views

မြန်မာ့ရုပ်ရှင်အဆင့်မြင့်လာစေရန်နဲ့ ပက်သက်ပြီး ရုပ်ရှင်လောကသားများ နည်းမျိုးစုံဖြင့် ကြံဆလုပ်ကိုင်နေပါသော်လည်း ဈေးကွက်၏တောင်းဆိုမှုနှင့် ရုပ်ရှင်လောကသားများအတွင်းအသားကျနေပြီ ဖြစ်သော လုပ်ပုံကိုင်ပုံစနစ်အမှားများကြောင့် အောင်မြင်မှုမရှိပဲ လက်တွေ့ကျင့်သုံးရန် အခက်ခဲများသာ ဖြစ်စေခဲ့ပါတယ်။ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ပညာရှင် လောကသားများ အပြန်လှန်ပါဝင်ဆွေးနွေးခဲ့သော ဒီဗိတ်တစ်ခုတွင် ရုပ်ရှင်ဇာတ်ကားတစ်ခု ဖန်တီးရာတွင် စာချုပ်စာတန်းများနှင့် အတိအကျလုပ်ဆောင်မည် ဆိုပါက သရုပ်ဆောင် အတော်များများက လက်ရှောင်သွားတတ်ကြောင်း၊ ဈေးကွက်၏ လိုအပ်ချက်အရ သရုပ်ဆောင်တွေကို ဦးစားပေးကာ လုပ်ကိုင်နေရသည့် ပုံစံမှာ နိုင်ငံတစ်ကာ ရုပ်ရှင်လုပ်ငန်းများနှင့် ယှဉ်လျှင် စနစ်မရှိကြောင်း ဒါရိုက်တာတစ်ဦးမှ ထောက်ပြသွားခဲ့ပါတယ်။
ဤကဲ့သို့ အားနည်းချက်များမှင့် လုပ်ကိုင်လာသော ရုပ်ရှင်လောကသားများ အတွက် လွန်ခဲ့သောရက် အနည်းငယ်က နာမည်ကြီး သရုပ်ဆောင်နှင့် ဒါရိုက်တာ အကြားတွင် အချိန်လေးစားလိုက်နာခြင်း မရှိပဲ ရိုက်ကွင်းပျက်ခဲ့ရသည့် ပြဿနာများက မီးမောင်းထိုးပြသလို ဖြစ်ခဲ့တာကြောင့် ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးရာ၌ စံအဖြစ်သတ်မှတ်မည့် စာချုပ်တစ်ခု ထားရှိမှာဖြစ်ပြီး အဆိုပါစာချုပ်တွင် ပါဝင်ရမည့် အချက်အလက်များကို အနုပညာရှင်၊ အတတ်ပညာရှင်များ ယခုလအတွင်း တွေ့ဆုံဆွေးနွေးသွား မည် ဖြစ်ကြောင်းသိရသည်။
“ရုပ်ရှင်ဗီဒီယို ရိုက်ကူးတဲ့နေရာမှာ စာချုပ်စာတမ်းနဲ့လုပ်ဖို့အတွက်ဆိုရင် လောကသားတွေအားလုံးသဘောတူတဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ စာချုပ်တစ်ခုကို ကျွန်တော်တို့ဘက်က စံသတ်မှတ်မှုအနေနဲ့လုပ်ပြမှရမယ်။ အဲဒီလိုမျိုး စာချုပ်ရဖို့အတွက်ဆိုရင် အနုပညာရှင် အတတ်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကျွန်တော်တို့စီစဉ်နေပါတယ်'' ဟု သရုပ်ဆောင်ဇာဂနာက စက်တင်ဘာ ၁၉ ရက် တွင် ပြောသည်။
ရုပ်ရှင်လောကတွင် ချုပ်ဆိုသော စာချုပ်အများစုမှာ နားလည်မှုစာချုပ်များသာ ဖြစ်သဖြင့် အားနည်းချက်များစွာရှိနေပြီး ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့ပါက နှစ်ဘက် အငြင်းပွားစရာများ ဖြစ်တတ်ပါသည်။ ယနေ့ခေတ်အခါတွင် ရုပ်သံလွှင့်လိုင်းများနှင့် ပူးပေါင်းအလုပ်လုပ်ကြသည့်အခါ စာချုပ်စာတမ်းများနှင့် အတိကျ လိုက်နာ လုပ်ဆောင်နေကြရပြီဖြစ်လို့ ရုပ်ရှင်လောကမှာလည်း အခုလို ဖြစ်လာဖို့ လိုအပ်ပါတယ်လို့ ဒါရိုက်တာဝိုင်းက အောက်ပါအတိုင်း ပြောသည်။
နောက်ဆုံး MRTV-4 တို့ Sky Net တို့ကအစ စာချုပ်စာတမ်းတွေနဲ့ လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ရုပ်ရှင်လောကတစ်ခုထဲ နှုတ်ကတိတွေ သံယောဇဉ်တွေနဲ့ လုပ်ကြတယ်။ အဲဒီတော့ဘာဖြစ်လာလဲ။ အငြင်းပွားရတယ်။ စိတ်ညစ်ရတယ်။ စကားများရတယ်။ စာချုပ်စာတမ်း နဲ့သာလုပ်မယ်ဆိုရင် ကျိန်းသေတာတစ်ခုကတော့ ပရော်ဖက်ရှင်နယ် စစ်စစ် တစ်ခုဖြစ်လာမယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်၊ အစိုးရတွေကသာ စည်းမျဉ်းစည်းကမ်းတစ်ခုနဲ့ စာချုပ်ချုပ်ဆိုမယ်ဆိုရင် ဇာတ်လမ်းတင် ပြမှုကိုပေးမယ်ဆိုရင် ရုပ်ရှင်လောက က အခုထက် အဆပေါင်းများစွာ မြင့်မားလာမှာပါ
ယခုအခါ ပြန်လည်ပြုလုပ်မည့် စာချုပ်တွင် ဇာတ်ကားတစ်ကား ရိုက်ကူးရန်အတွက် ယင်းဇာတ်ကားတွင် ပါဝင်မည့် အနုပညာရှင်တစ်ယောက်၏ အနုပညာကြေး၊ ဇာတ်ကားရိုက်ကူးစဉ်ကာလအတွက် လိုက်နာရမည့် စည်းကမ်းချက်များ အစရှိသော အနုပညာရှင်၊ အတတ်ပညာရှင်များသဘောတူထားသော စည်းကမ်းချက်များပါဝင်မည့် စံသတ်မှတ်မှုစာချုပ်ကို ပြုလုပ်သွားမည်ဖြစ်သည်။
Ref: yangonmedia
Photo: illustration