BEC-TERO TV

နတ်ဆေးပန်းချီပွဲတော် (သို့မဟုတ်) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

14 Sep 2016     2,213 Views


မိုးရိပ်မိုးငွေ့လေးတွေ တစ်ဖြည်းဖြည်းလျော့ပါးလာပြီ ဆောင်းလေပြည်လေးများ တိုက်ခတ်လာတာနဲ့အမျှ ဆောင်းတွင်းရာသီရဲ့ ချစ်စရာပွဲတော်လေးတွေကလည်း နီးကပ်လာနေပါပြီ။ အထင်ကရပွဲတော်တွေထဲကမှ ကမ္ဘာလှည့်ခရီးသွားတွေ နှစ်စဉ်လာရောက် ငေးမောရတဲ့အထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမီးပုံးပျံပွဲက အလွန်ကျော်ကြားလူသိများလှပါတယ်။ 
“နတ်ဆေးပန်းချီပွဲတော်” လို့ တင်စားရတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အကြောင်းကို ဆောင်းပါးရှင် စည်သာ(တောင်ကြီး) ရေးသားပြီး ‘ပိုပိုလေး’ ပရိဿတ် ကြိုတင်ခံစားနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။  
 
နတ်ဆေးပန်းချီပွဲတော် (သို့မဟုတ်) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
 
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ဆိုတာ မသိတဲ့သူ မရှိသလောက် မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ တန်ဆောင်တိုင်ပွဲတော်ရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ် မတိုင်ခင် ကတည်းက မီးပုံးပျံတွေ လွှတ်တင်တဲ့ ဓလေ့ရှိပြီးတော့ ရိုးရာတစ်ခုအနေနဲ့ တည်ရှိလာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ေ တာင်ကြီးမြို့ကို ၁၈၉၄ ခုနှစ်မှာ အင်္ဂလိပ်တွေက စတင်မြို့တည်စဉ် ကာလတွေတုန်းက မီးပုံးပျံပွဲတော် မရှိသေးဘဲ မီးထွန်းပွဲ၊ ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးလွှတ်တာတို့လောက်ပဲ ရှိသေးတယ်။ ဒါ့အပြင် တောင်ကြီးမြို့မ ရဲစခန်းနေရာမှာ အင်္ဂလိပ်ခေတ် အာဝါဒေးပွဲလုပ်တယ်။ ဂတ်တဲပွဲ သို့မဟုတ် မီးဝင်္ကပါပွဲလို့လည်း ခေါ်တယ်။ ကလေးတွေ လူကြီးတွေက မီးဝင်္ကပါထဲကို လှည့်လည်ပျော်ပါးကြ ဒီလောက်ပါပဲ။
 
 
မီးပုံးပျံသမိုင်းကြောင်း အစ
 
တောင်ကြီးမြို့မှာ ပထမဆုံးလွှတ်တဲ့ မီးပုံးပျံကတော့ ပိတ်စနဲ့ ချုပ်ထားတဲ့ မီးပုံးပျံဖြစ်ကြောင်း ပန်းချီဆွဲခဲ့သူ ပန်းချီဆရာ ဦးတင်ဝင်းက ပြောပါတယ်။ ပိတ်စနဲ့ချုပ်ထားတဲ့ မီးပုံးပျံက ခေါင်အချင်း ပေ ၅၀၊ အမြင့် ပေ ၅၀ ရှိပြီးတော့ ကုန်းသာကျောင်းမှကျောင်း ထိုင်ဆရာတော်ကြီး ဦးစီးပြုလုပ်တာ ဖြစ်ပါတယ်။ ကူညီကုန်းရပ်ကွက်နေ ဒေါ်သင်းနဲ့ အဖွဲ့က အပ်ချုပ်စက် အလုံး ၃၀ နဲ့ တစ်လ တိတိချုပ်လုပ်ခဲ့တာ ကိုက် ၄၀ ပါ ပိတ်အုပ် ၄၀ ကုန်ကြောင်း သိရတယ်။ အောက်ဆွဲမှာ ဆန်အိတ်၊ ဆီပုံး၊ ထမင်းချိုင့်၊ ထီး စတဲ့ ပစ္စည်းတွေ ချိတ်ဆွဲထားပြီးတော့ နတ်မင်းကြီးလေးပါး စက္ကူရုပ်တွေလည်း ပါတယ်။
 
မီးပုံးပျံကကြီးတော့ လိုအပ်တဲ့မှိုင်းရဖို့ ကုန်းသာဘုန်းကြီးကျောင်းတောင်စောင်း တစ်လျှောက် ဥမင်လိုဏ်ခေါင်းတူးပြီး တစ်ဖက်မှာတော့ လိုဏ်ခေါင်းအဝကို ပီပါပြတ်ထားပြီးတော့ မှိုင်းခံရတယ်။ မီးပုံးပျံကို ဆိုင်းကြိုးလေးချောင်းနဲ့ သစ်ပင်မှာ ချည်ထားပြီးတော့ လေးဘက်လေးလံကနေ တစ်ပြိုင်နက် အချက်ပြပြီး ဓားနဲ့ခုတ်စေရာမှာ ရာဟုထောင့်မှ ကိုရင်က ခုတ်ရာမှာ လက်နှေးလို့ အတက် မညီတော့ဘဲ မီးပုံးပျံထိခိုက်မှုဖြစ်ခဲ့လို့ ယခုဗိုလ်ချုပ်ပန်းခြံအနီးမှာ ပြန်ပြုတ်ကျခဲ့ရပါတယ်။ ဒီမီးပုံးပျံကြီးကို မီးမလောင်အောင် ရေထဲဆွဲပြေးပြီးတော့ ခြင်ထောင်ချုပ်ရာမှာ သုံးလေးလုံးလောက်ရတယ်လို့ ပန်းချီပညာရှင် ဦးတင်ဝင်းက ဆိုတယ်။
 
 
နောက်ဆက်တွဲသမိုင်း
 
၁၉၄၅ ခုနှစ် တန်ဆောင်မုန်းလတွင် ဂတ်တဲပွဲကို OurDay ပွဲအမည်နဲ့ တောင်ကြီး ရဲစခန်းမှာ စတင်ကျင်းပခဲ့ပါတယ်။ ထိုပွဲကို တောင်ကြီးမြို့က ရပ်ကွက်တွေဖြစ်တဲ့ တောင်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်နဲ့ ညောင်ရွှေဟော်ကုန်း၊ ရတနာသီရိစတဲ့ ရပ်ကွက်တွေကနေ မီးကြာကပ်များ၊ မီးပန်းများ ကိုင်ဆောင်ပြီး ရိုးရိုးမီးပုံးပျံတွေကိုလည်း အပျော်သဘောနဲ့ ဈေးကြီးတောင်ဘက်နားမှာ လာလွှတ်ကြတယ်။
 
ပထမဆုံးလွှတ်တာ ဈေးတောင်ဘက် ညဈေးနားမှာ။ ပြီးတော့မှ စီးပွားရေးဘဏ်တိုက်၊ နောက်တော့ ဘောလုံးကွင်း၊ ဗိုလ်ချုပ်ပန်းခြံကြေးရုပ်ကွင်း၊ ကရင်မရေထွက်၊ စူဠာမုနိ၊ အဝေရာကုန်းသာယာ (၁၉၉၆) စသဖြင့် အသီးသီး ပြောင်းလဲခဲ့ခြင်း ဖြစ်တယ်။
 
ဈေးကြီးပတ်ဝန်းကျင်မှာ ညောင်ပင်တွေ ရှိပြီးတော့ ဘာအကာအရံမှလည်း မရှိဘူး။ နောင်နှစ်တွေများမှာ ရပ်ကွက်တွေကနေ ဒီလိုပဲ လာလှည့်ကြရင်းနဲ့ မြို့လယ်ဓမ္မာရုံကို မီးပူဇော်ဖို့အတွက် မီးပဒေသာပွဲ ဘုရားမီးပူဇော်ပွဲလုပ်ရင်းနဲ့ သစ်သီးဝလံ မီးပုံးမီးကြာကပ်တွေ ယူဆောင်လာကြတယ်။ နောက်တော့ သင်္ဘောပင်၊ နာနတ်ပင်တွေမှာ မီးပုံးချိတ် အလှဆင်ကြတယ်။ နောက်များတော့ သစ်ကိုင်းခြောက်ကနေ ဝါးနဲ့ စေတီပုံတွေ အပြိုင်အဆိုင် သူ့ထက်ငါ လှအောင်လုပ်ရင်းနဲ့ ရပ်ကွက်တွေထဲကနေ အိုးစည်ဗုံမောင်းတွေ တီးမှုတ်ဖျော်ဖြေ ပူဇော်လို့ မီးပဒေသာ အလှပြိုင်ပွဲ ဖြစ်လာတယ်လို့ သိရတယ်။
 
ပြိုင်ပွဲစတာ ၁၉၅၀ ပြည့်နှစ်လောက်မှာ စတယ်ပြောတယ်။ အင်္ဂလိပ်ခေတ်မှာ ပြိုင်ပွဲမရှိသေးဘူး။ အပျော်သဘော လွှတ်တာပဲ ရှိသေးတယ်။ နောက်တော့ ကံသာနဲ့ တောင်ပိုင်းရပ်ကွက် ပြဿနာဖြစ်ပြီး နှစ်အတော်အတန်ကြာအောင် မီးပဒေသာပွဲ ပျောက်ကွယ်သွားပြန်တယ်။
 
မီးပုံးပျံကြီးတွေကို စတင်လွှတ်တင်စဉ် ကာလတုန်းက ဗလာသက်သက် အဖြူထည်သာ ဖြစ်ပါတယ်။ တချို့တွေက ဒါကို သိပ်မသိကြပါဘူး။ ဗလာသက်သက် အဖြူထည်ကနေ တစ်ဆင့် ဆက်ရာနေရာမှာ ချုပ်ရိုးလိုက်ရာကနေ အစင်းကြောင်းလေးတွေ၊ မျဉ်းကြောင်းလေးတွေကို အလှဖော်လာကြတယ်။ အဲဒီကမှတစ်ဆင့် ကောက်ကြောင်းတွေ၊ အကွက်တွေ၊ ကနုတ်တွေ ပေါ်လာတယ်။ အကွက်ပေါ်လာပြီးနောက်တော့မှ စက္ကူပြားပေါ်မှာ အပေါက်ဖောက်ပြီးတော့ ဆေးမှုတ်တာ ဖြစ်လာတယ်။ နောက်တော့ ဒီဘက်ခေတ်မှာ ပန်းချီဆရာတွေရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးပြီးတော့ ပန်းချီကားတွေ ဆွဲလာကြတာ ဖြစ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ် ပြောင်းလဲလာပုံ ဖြစ်ပါတယ်။
 
အကွက်ကနေ ပန်းချီကို စတင် ပြောင်းလဲခဲ့တဲ့ မီးပုံးပျံ နာမည်ကတော့ တောင်ကြီးမြို့ မြို့မရပ်ကွက်ထဲက ဟာသမီးပုံးပျံ မီးဆရာများပဲ ဖြစ်ပါတယ်။ သူက ရွှေစက္ကူ၊ ငွေစက္ကူ တွေနဲ့ ဘုရားပုံတော်တွေကို စတင်တီထွင် ပြုလုပ်လာတာ ဖြစ်ပြီးတော့ နောင်နှစ်တွေမှာ ဆေးရောင်တွေနဲ့ ပန်းချီတွေ ဆွဲလာကြတာ ဖြစ်ပါတယ်။
 
ဒီလိုပြောင်းလဲလာပုံကို သဘောပေါက်မှပဲ လေ့လာလို့ရတာ ဖြစ်ပါတယ်။ တချို့က ပြောကြတယ်။ အကွက်တွေ၊ ကနုတ်တွေ ဖော်တယ်ဆိုတာ ရိုးရာတဲ့။ အမှန်ကရိုးရာဆိုတာ ဗလာသက်သက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် ပန်းချီဆရာတွေရဲ့ စိတ်ကူးဉာဏ်ရင့်သန်မှုကို လွတ်လွတ်လပ်လပ် ဖွင့်ထားစေချင်ပါတယ်။ ဒါမှလည်း သူတို့ စိတ်ကြိုက် ရေးဆွဲနိုင်မှာ ဖြစ်ပြီးတော့ ကွန့်မြူးနိုင်မှာ ဖြစ်တယ်။ တကယ်တမ်း ချုပ်ချယ်လိုက်မယ်ဆိုရင် ဘောင်ကျဉ်းသွားပါတယ်။ အကွက်တွေဆိုတာ ပန်းချီဆရာတိုင်း ရေးတတ်တာ ဖြစ်ပြီးတော့ ပန်းချီဆိုတာကတော့ လူတိုင်းမရေးတတ်တာ ဖြစ်တဲ့အတွက် ဒါက ပန်းချီပညာရပ်ပိုင်းဆိုင်ရာ အတတ်ပညာ တစ်ခုလည်း ဖြစ်တဲ့အတွက် ပန်းချီဆိုတာ အမြင့်ဆုံး အပိုင်းတစ်ခုပါ။
 
 
 
ပြိုင်ပွဲတွေရဲ့ သမိုင်းကြောင်း
 
၁၉၅၁ ခုနှစ်မှာ ညဈေးတန်းနေရာမှာ မီးပုံးပျံတွေ စတင်လွှတ်တင်ကြတယ်လို့ သိမီသူမြို့ခံအများက ဆိုကြပါတယ်။ အဲဒီ အချိန်တုန်းက ယမ်းမရှိတော့ အုန်းဆံကြိုးကို တောက်တောက်စဉ်းပြီး ယမ်းနဲ့သမအောင် ရောစပ်ပြီးတော့ ကောင်းကင်ကနေ ဖွားခနဲ ကျလာတာလောက်ပဲ လုပ်နိုင်သေးတယ်။
 
၁၉၅၃ ခုနှစ်လောက်မှာ တရုတ်နိုင်ငံက နေတင်သွင်းတဲ့ ဗျောက်အိုးတွေ၊ မီးပန်းတွေ၊ မီးရှူးတွေဝင်လာတော့ အဲဒီမှာ ယမ်းစနစ် ခေတ်သစ်ထွန်းတော့တယ်။ ၁၉၅၅ ခုနှစ်မှာ အရောင်တွေကို စမ်းသပ်နေကြပြီ။ ၁၉၅၇ ခုနှစ်လောက်မှာ ပေါ့ပါးတဲ့ လေယာဉ်သံ သတ္တုစပ်တစ်မျိုးကို ရှာဖွေတွေ့ရှိပြီးတော့ အဖြူရောင် လုပ်တာကို တတ်လာကြတယ်။ လေယာဉ်သံအခြေခံပြီးတော့ အရောင်မျိုးစုံ၊ ကာလာမျိုးစုံ တီထွင်စမ်းသပ် အောင်မြင်လာကြတယ်။ ၁၉၅၈ ခုနှစ်လောက်မှာ သိမ်တောင်ဆရာတော်မှ ယမ်းစပ်နည်း ယမ်းစိမ်း၊ ထုံး၊ ကန့်၊ ဒုတ္ထာ၊ လေယာဉ်သံ၊ မီးသွေးတို့နဲ့ အရောင်စုံကို စမ်းသပ် တီထွင်နိုင်တယ်။
 
မြေပြန့်ကနေ ယမ်းစပ်နည်းကို စတင် သင်ယူခဲ့တာကတော့ တောင်ပိုင်းမီးဆရာကြောင့် ကာလာစုံ အသုံးပြုလာခဲ့ကြတယ်။ ၁၉၆၀ ပြည့်နှစ်ကျော်လောက်မှာ အဆင့်မြင့်တဲ့ ရောင်စုံယမ်းအလှကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်လာကြပြီ ဖြစ်တယ်။
 
၁၉၇၀-၁၉၇၅ ခုနှစ်လောက်မှာ မီးပုံးပျံ မီးကြီး ယမ်းရောင်စုံ ဖြစ်လာပြီးတော့ စိန်နား ပန်မီးပုံးပျံတွေကိုလည်း အမျိုးမျိုး တီထွင်လာကြတာ ဖြစ်ပါတယ်။
 
၁၉၉၆ ခုနှစ်လောက်မှာ တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းကို စတင် အကောင်အထည် ဖော်ဆောင်ခဲ့ပြီး အကြီးမားဆုံးသော ပွဲတော်ကြီးတစ်ခု ဖြစ်လာတာ ဖြစ်ပါတယ်။ တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်အကြောင်း ရေးမယ်ဆိုရင် ဘယ်တော့မှ မပြီးဆုံးသေးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ ပိုတယ်လို့မရှိဘဲ အမြဲလိုအပ်နေတာလည်း ဖြစ်ပါတယ်။
 
Pre War လို့ ခေါ်တဲ့ ဒုတိယကမ္ဘာစစ် မတိုင်ခင်က တောင်ကြီးမှာ ဘုန်းကြီးကျောင်း ၁၀ ကျောင်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောင်းတွေကတော့ ၁ - မင်းကျောင်းအစွန် စော်ဘွားသင်္ချိုင်း၊ ၂- နဂါးပတ်ကျောင်း၊ ၃- ကံဦး၊  ၄ -အောင်မြေသာစည်၊ ၅- ဘုရားကြီး မြောက်ကျောင်း၊ ၆- အတွင်းကျောင်း၊ ၇- သိမ်တောင်၊ ၈-ကုန်းသာ၊ ၉- တောင်ကျောင်းကြီးနဲ့ ၁၀- မင်္ဂလာရာမကျောင်းတို့ ဖြစ်ပါတယ်။
 
အောင်မြေသာစည်က မင်္ဂလာရာမ ကျောင်းနေရာမှာ ဖြစ်ပြီးတော့ ဘုန်းကြီးထားကျောင်းခေါ်ပြီး ဘုန်းကြီးထားတာ ဘုရားကြီးမြောက်ကျောင်း ဖြစ်ပါတယ်။ သိမ်တောင်က ဓမ္မိကာရုံကျောင်းဖြစ်ပြီးတော့ လက်ရှိ သိမ်တောင်ကျောင်းတိုက်က ယခင်က ပိဋိကတ်တိုက်နေရာ ဖြစ်ပါတယ်။ နောက်မှ သိမ်တောင်ကျောင်းဆိုပြီး ဖြစ်လာတယ်။
 
မီးပုံးပျံ လွှတ်တင်ကြတာ ကံမြင့်၊ ကံတက်၊ ကံဇာတာ ကောင်းစေတယ်လို့ ယုံကြည်တာကြောင့် ရိုးရာအနေနဲ့ လွှတ်တင်နေကြတာ ဖြစ်ပါတယ်။ ယခင်ရှေးနှစ်ထောင်ပေါင်း များစွာထဲက မီးပုံးပျံ လွှတ်တင်ခြင်း ဓလေ့ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ ရိုးရိုးမီးပုံးပျံများကိုသာ လွှတ်တင်ခြင်းလည်း ဖြစ်ပါတယ်။ ဗျောက်အိုးတွေ ဖောက်တယ်ဆိုတာ မကောင်းဆိုး ရွားကောင်တွေကို နှင်ထုတ်တာဖြစ်ပြီးတော့ ဖုတ်၊ သရဲတွေကို နှင်တာလို့ ဆိုပါတယ်။
 
ဘုရားရှင် ကြွချီလာမည့် ကောင်းကင်ထက်ဆီကို မီးပုံးပျံတွေနဲ့ ကြိုဆိုပူဇော်ခြင်းဖြစ်ပြီး သီတင်းကျွတ် ကာလမှာလည်း ဘုရားမီးပူဇော်တဲ့ ဓလေ့တွေလည်း ရှိပါတယ်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို  ရိုးရာဓလေ့လည်း မပျောက်ကွယ်စေရန် ခေတ်လည်းမီစေရန် ခေတ်သစ်အစီအမံများ ပြောင်းလဲဖို့ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မီးပုံးပျံ အကဲဖြတ် အမှတ်ပေးဒိုင် ပန်းချီပညာရှင် ဦးတင်ဝင်းက ပြောကြားပါတယ်။ သူက လျှပ်စစ်မီး အစားထိုးရန်နှင့် မီးပုံးပျံလွှတ်တင်ရာတွင် အန္တရာယ်ကင်းစေရန် ခေတ်သစ်အစီအမံသစ်များကို စဉ်းစားရန် လိုအပ်လာပြီဖြစ်ကြောင်း ပြောဆိုနေတာ သုံးနှစ်ကျော် ကြာခဲ့ပြီလို့ ဆိုပါတယ်။
 
နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပမြဲဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ လွှတ်တင်သော စိန်းနားပန်မီးပုံးပျံတွင် မီးပုံးပျံကြီး ဘေးပတ်လည် မီးပုံးငယ်များ ချိတ်ဆွဲအလှဆင်ရာတွင် ဖယောင်းတိုင်မီးများအစား လျှစ်စစ်မီးအစားထိုး အသုံးပြုလျှင် ခေတ်လည်းမီကာ၊ အန္တရာယ်လည်း ကင်းနိုင်ကြောင်း၊ ထို့ပြင် မီးပဒေသာ လှည့်လည်ပွဲတွင်လည်း အလားတူ လျှပ်စစ်မီးလုံးလေးများကို ပဒေသာပင်ကြီးများတွင် ချိတ်ဆွဲ အလှပြခြင်းအားဖြင့် တာရှည်ခံ၊ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ပန်းချီပညာရှင် ဦးတင်ဝင်းက အကြံပြုပါတယ်။
 
ထို့ပြင် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းအတွင်း လူအထိအခိုက် နည်းပါးအောင်လည်း မီးပုံးပျံလွှတ်တင်မယ့် ကွင်းကို ချုံ့လိုက်ကာ ဘေးပတ်လည်တွင် အမိုးပါသော ပေ ၂၀ အကျယ် အဆောက်အအုံ တန်းလျားများ ခိုင်ခံ့စွာ ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ အဆောက်အအုံ ဘေးပတ်လည်တွင်လည်း လူလျှောက်လမ်း ပေ ၄၀ လောက် ခွာထားရန်လိုကြောင်း၊ ထိုမှသာ လူသူထိခိုက်မှု အနည်းပါးဆုံး ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ မီးကြီးမီးပုံးပျံကိုလည်း ပညာရှင် အဆင့်၊ ဝါသနာရှင် အဆင့်နှင့် မျိုးဆက်သစ် လူငယ်အဆင့်ဟူ၍ အဆင့်သုံးမျိုး ပိုင်းခြားကာ ဝင်ပြိုင်စေလိုကြောင်း၊ မီးပုံးပျံလုပ်သော အိမ်များတွင်လည်း ယမ်းစပ်နည်း သင်တန်းများ ပေးခြင်းတို့ကို ပြုလုပ်သွားလျှင် ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း ပန်းချီပညာရှင် ဦးတင်ဝင်းက ထောက်ပြခဲ့ပါတယ်။
 
“လျှပ်စစ်မီးပေါ့ဗျာ။ မီးပဒေသာနဲ့ စိန်နားပန်ကိုယ်ထည်မှာ ဖယောင်းတိုင်အစား လျှပ်စစ်မီးလေးနဲ့ တာရှည်ခံအောင် ဒါလေးနဲ့ ခေတ်ပြောင်းချိန်တန်ပြီလို့ ပြောချင်တယ်။ ဒါလေးတိုက်တွန်းချင်တယ်။ လျှပ်စစ်မီး ပြောင်းခြင်းအားဖြင့် ကိုယ်ထည်ကနေ မီးလောင်ခြင်း ကာကွယ်မယ်၊ ကောင်းကင်မှာ တာရှည်ခံမယ်၊ လေတိုက်တာခံနိုင်မယ်။ အောက်ဆွဲခွေမှာတော့ ရိုးရာမပျက်အောင် ဖယောင်းတိုင်နဲ့ လုပ်ဖို့ပေါ့။ မီးပဒေသာလည်း ဒီအတိုင်း၊ တစ်ယောက်ချင်း ကိုင်တာက ဖယောင်းတိုင်ပေါ့။
 
ကွင်းထဲမှာ အန္တရာယ်ကင်းအောင် သေချာကြည့်ဖို့ လိုတယ်။ ကွင်းရဲ့အပြင် ပေ ၂၀ အလွတ်ထားမယ်။ ပေ ၂၀ ဟိုဘက်မှာ သစ်သားနဲ့ ခေါင်မိုးနဲ့ တောင့်တောင့်တင်းတင်း မိုးထားတဲ့ ပေ ၂၀ ထားမယ်။ အဲဒီရဲ့ နောက်ကျောမှာလည်း ပေ ၂၀ အလွတ်ထားမယ်။ ပရိသတ်က မီးပုံးပျံလာတဲ့ လမ်းကြောင်းမှာ ပြေးပြီးလမ်းရှင်းမယ်။ အမိုးထဲကိုဝင်ရင် အန္တရာယ်ကင်းမယ်။ ကွင်းထဲကို အဲဒီလိုလုပ်မယ်။
 
အိမ်မှာကတော့ တားလို့မရဘူး။ ဓာတုပစ္စည်းတွေ ပေါလာတယ်။ အပြိုင်အဆိုင် လုပ်လာမယ်။ မဖြစ်အောင် သင်တန်းလေးတွေ လိုတယ်။ ပညာရှင်၊ ဝါသနာရှင်နဲ့ မျိုးဆက်သစ် အဆင့်သုံးဆင့်လောက် ခွဲဖို့လိုမယ်။ မျိုးဆက်သစ်ကို ယမ်းနည်းနည်းလေးနဲ့ သင်တန်းပေးပြီး ပြိုင်ခိုင်းမယ်။ ဝါသနာရှင် အဆင့်ကို ပိဿာချိန် ၃၀ လောက်၊ ပညာရှင် အဆင့်ကို ပိဿာချိန် ၄၀ လောက်နဲ့ ပြိုင်မယ်။ တစ်ဆင့်တစ်ဆင့်ခေါ်ပြီး တိုးတက်လာအောင်လုပ်ရင် နာမည်ကြီး ပညာရှင်တွေကလည်း သင်တန်းပေးပြီး လက်တွဲခေါ်ရင် အန္တရာယ် ကင်းသွားမယ်လို့ ထင်တယ်” ဟု မီးပုံးပျံ အကဲဖြတ်အမှတ်ပေးဒိုင် ပန်းချီပညာရှင် ဦးတင်ဝင်းက ပြောပါတယ်။
 
ထိုသို့ စိန်နားပန် မီးပုံးပျံတွင် လျှပ်စစ်မီး အစားထိုးခြင်းကို တချို့ယမ်းဆရာများက မဖြစ်နိုင်ကြောင်းနှင့် ကလေးကလားဆန်သော အတွေးမျိုးသာဖြစ်ကြောင်း ပြောဆိုကြပါတယ်။
 
“စိန်နားပန်မှာ လျှပ်စစ်မီးလုံးတွေနဲ့ လွှတ်တာက ဟိုးအရင်တုန်းက လွှတ်ဖူးတယ်။ မအောင်မြင်ဘူး။ ဘထ္ထရီအိုးတွေ သုံး လေးလုံးလောက် တွဲချည်ပြီးတော့ မီးလုံးတွေနဲ့ ချည်လိုက်တာ မီးအားကလည်း နည်းတယ်။ သိပ်ပြီးတော့ မလှဘူး။ တာရှည်လည်း မခံဘူး။ အဲဒါက အဆင်မပြေပါဘူး။ ဒီမှာက သဘာဝ ဖယောင်းတိုင်မီးကို ရိုးရာအဖြစ် မှတ်ယူကြတယ်။ စိန်နားပန်ကိုယ်ထည်မှာ ချိတ်ကောက်လေးနဲ့ ခွာပြီးကပ်ထားတဲ့အတွက် မီးလောင်တာကလည်း ဖြစ်ခဲပါတယ်။ လောင်ရင်လည်း မီးပုံးတစ်လုံးပဲ လောင်ပြီးတော့ ကြိုးပြတ်ကျသွားအောင် စီမံပြီးသားဖြစ်တယ်။ အန္တရာယ်လည်း မရှိပါဘူး” ဟု မီးဆရာ ကိုကျော်မြင့်က ဆိုပါတယ်။
 
အောက်တိုဘာ ၂ ရက် မှ ၂၀ ရက်အထိ မီးပုံးပျံ အလုံးစာရင်းများကို လက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက် မှ ၁၅ ရက်အထိ ၁၀ ရက်တိုင်တိုင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပြုလုပ်သွားမည်ဖြစ်ကြောင်း  မီးပုံးပျံပွဲတော်ကျင်းပရေး ဆပ်ကော်မတီ အစည်းအဝေးမှ သိရပါတယ်။
 
နတ်ဆေးပန်းချီပွဲတော်လို့ တင်စားရတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အကြို ရင်ခုန်လိုက်ရပါတယ်။
 
စည်သာ(တောင်ကြီး)

14 Sep 2016     2,213 Views




RELATED

Most Popular of Special or Others

Most Popular of NEWS