လင်မယားစုံတွဲအား လူသတ်မုဒိန်းကျင့် ကျုးလွန်သူ ၄ ဦးအနက် ၃ ဦးအား မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
14 Sep 2016 1,691 Views

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction Center အနောက်တွင် ဖြစ်ပွားခဲ့သော အသက် ၁၆ နှစ်အရွယ် လင်မယားစုံတွဲမှ ခင်ပွန်း အသတ်ခံရပြီး အမျိုးသမီး အဓ္ဓမပြုကျင့်ခံရမှုဖြစ်စဉ်တွင် ကျုးလွန်သူ ၄ ဦးအနက် ၃ ဦးအား ဒက္ခိဏခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ပြစ်မှုကျုးလွန်သူ ၄ ဦးမှာ ဇမ္ဗူသီရိမြို့ နယ်၊ သာယာကုန်းကျေးရွာနေ ကျော်မောင် (ခ) ဇော်ဇော်အောင် (အသက် ၁၉) ၊ ရွှေကြာပင်ရပ်ကွက်နေ အောင်ပိုင် (ခ) အောင်တင်မျိုး (အသက် ၂၁ နှစ်) ၊ ဇော်မျိုးသူ (ခ) ဇော်လေး (အသက် ၂၂ နှစ်ခန့်) နှင့် မျိုးဇော်ဝင်း (ခ) ကောင်လေး (အသက် ၁၅ နှစ်ခန့်) တို့ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၅ စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီအချိန်ခန့်တွင် မ---- (အသက် ၁၆ နှစ်) နှင့် မောင်ချစ်နိုင်ဦး (အသက် ၁၆ နှစ်) တို့ ဇနီးမောင်နှံ ၂ ဦး ဆိုင်ကယ်စီးထွက်ခဲ့ကြပြီး ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒက္ခိဏသီရိမြို့နယ် Junction Center အကျော်တွင် ဆိုင်ကယ်ကိုကွေ့ပြီးပြန်အထွက် ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိ လူ ၄ ဦးနှင့်တွေ့ပြီး ခြိမ်းခြောက်ပြောဆို၍ ၎င်းတို့စီးလာသောဆိုင်ကယ်အား လူ ၄ ဦး ဆိုင်ကယ် ၂ စီးမှ ညှပ်၍ခေါ်ဆောင်လာပြီး Junction Center နောက် သံတမန်ဇုံ B လမ်း လမ်းသွယ်အရောက်တွင် ဇနီးမောင်နှံ၏ဆိုင်ကယ်အား တွန်းလှဲပြီး ခင်ပွန်းဖြစ်သူ ချစ်နိုင်ဦးအား အမည်မသိလူ ၂ ဦးမှ ဆွဲခေါ်သွားပြီး ဆိုင်ကယ်အိတ်ဇော်ပိုက်ဖြင့်ရိုက်၊ ဓါးဖြင့်ထိုးပြီး လူလေးဦး စလုံးမှ မ---- အား သားမယားပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။


ယင်းတို့ လေးဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူ သုံးဦးအား ဒက္ခိဏခရိုင်တရားရုံး၌ ဒုတိယတရားသူကြီးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရ ထောင်ဒဏ် (၅) နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေအမိန့် ချမှတ်ခဲ့ပြီး၊ ကျော်မောင် (ခ) ဇော်ဇော်အောင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ အရ ထောင်ဒဏ် (၂) နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။ မျိုးဇော်ဝင်း (ခ) ကောင်လေးမှာ အသက် ၁၅ နှစ်နှင့် ၁၆ နှစ်ကြားဖြစ်၍ ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ်တရားရုံးတွင် ဆက်လက် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
Source: ထွန်း (နေပြည်တော်)