အမျိုးသားရေး ထိပါးမှုများကို ကန့်ကွက်ပွဲနှင့် တရားဥပဒေ စိုးမိုးရေး တောင်းဆို ဆန္ဒပြပွဲတွင် ဓာတ်ပုံရိုက် သတင်းယူနေသည့် ဓာတ်ပုံ သတင်းထောက်တစ်ဦး ထိုးကြိတ်ခံရမှု ဖြစ်ပွား
12 Sep 2016 1,431 Views

အမျိုးသားရေး ထိပါးမှုများကို ကန့်ကွက်ပွဲနှင့် တရားဥပဒေ စိုးမိုးရေး တောင်းဆို ဆန္ဒပြပွဲတွင် ဆန္ဒပြသူ တစ်ဦးက ဓာတ်ပုံရိုက် သတင်းယူနေသည့် ဓာတ်ပုံသတင်းထောက် တစ်ဦးကို ထိုးကြိတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ဘောလုံးကွင်းတွင် ပြုလုပ်ခြင်းဖြစ်ပြီး ဆန္ဒပြသူ ဦးရေ ၅၀၀ ကျော် ပါဝင်ကြောင်း သိရသည်။ ဆန္ဒပြသူများသည် ဗိုလ်စိန်မှန် ဘောလုံးကွင်းအတွင်း ဘောလုံးကစားနေသော လူငယ်များကို မကစားရန် ဖယ်ရှားခိုင်းခဲ့ပြီး အဆိုပါဖြစ်ရပ်ကို ဓာတ်ပုံရိုက်ယူနေသော Myanmar Press Photo Agency မှ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ကို ဆန္ဒပြသူများက ဝိုင်းလာပြီး ဆန္ဒပြသူ တစ်ဦးက ဝင်ရောက် ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။ ထို့သို့ ဓာတ်ပုံ သတင်းထောက်ကို ဝိုင်းလာကြသူများထဲတွင် တုတ်များ၊ အုတ်ခဲကျိုးများ ကိုင်ဆောင်ထားသူများလည်း ပါဝင်ကြောင်း တွေ့ရသည်။
“အဲဒီဘက်မှာ ပြဿနာတက်တဲ့ အချိန်မှာ တစ်ဖက်ကနေ တက်လာတယ်။ ဟိုဘက်ကို (ဘောလုံးကန်နေသူတွေကို) ပြဿနာရှာဖို့ လုပ်တယ်။ ရှာဖို့လုပ်တဲ့ အချိန်မှာ ကျွန်တော်က အနီးကပ် ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်တာကို ဘာလို့ ရိုက်တာလဲ။ ဟိုဘက်ကို ရိုက်ပါလား ဆိုပြီးတော့ ဆန္ဒပြတဲ့ လူတွေထဲက တစ်ယောက်က ကျွန်တော့်ကို ဝင်ထိုးသွားတယ်။ ဘယ်သူဘယ်ဝါ ထိုးသွားတယ် ဆိုတာတော့ မသိလိုက်ဘူး။ ဒါပေမဲ့ ဆန္ဒပြတဲ့သူတွေထဲကပဲ ပြေးတက်လာပြီးတော့ ထိုးသွားတာ” ဟု ကိုမြတ်သူကျော်က ပြောကြားသည်။
“သူတို့က ခွင့်ပြုချက်နဲ့ လုပ်တာ ဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်က အနှောင့်အယှက် မဖြစ်အောင် လုံခြုံရေး ယူပေးရတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်တာကတော့ ဘယ်သူ့ကိုမှတော့ အပြစ်ပြောလို့ မရဘူး။ ရပ်ကွက်ထဲမှာ လုပ်တဲ့အခါကျတော့ ရပ်ကွက်ထဲက ကျေနပ်တာရှိတယ်။ မကျေနပ်တာရှိတယ်။ အဲဒီအပိုင်းတွေ ရှိတာပေါ့။ သတင်းထောက် အထိုးခံလိုက်ရတယ်လို့တော့ ကျွန်တော် မကြားမိပါဘူး” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဆွေဝင်းက The Daily Eleven သို့ ပြောကြားသည်။
အဆိုပါ ဆန္ဒပြပွဲကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က စတင်ခြင်းဖြစ်ပြီး ဟောပြောမှုများ ပြုလုပ်ပြီးသည့်နောက်တွင် ဗိုလ်စိန်မှန် ဘောလုံးကွင်းမှ တာမွေမြို့နယ် ဟစ်တိုင်နေရာအထိ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဇာတိမာန်သီချင်း အရှည်တည်တံ့ရေး၊ ပြည်တွင်းပြဿနာမှာ နိုင်ငံခြားသား မပါဝင်ရေး၊ ခိုးဝင်ဘင်္ဂါလီများ ဖော်ထုတ် အရေးယူပေးရေး၊ အနောက်တံခါး အမြန်ကာပေးရေး၊ ဇာတိမာန်သီချင်း မလိုကြောင်းပြောသည့် မန္တလေးတိုင်းဝန်ကြီးချုပ် အလိုမရှိ၊ ကိုဖီအာနန်နှင့်အဖွဲ့ အလိုမရှိဟူ၍ ကြွေးကြော်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သော အဖွဲ့အစည်းများမှာ အမျိုးသားရေး စွမ်းအားသစ် ညီနောင်များ အင်အားစု (အိတ်စိုက်လူမိုက်)၊ မျိုးချစ်လူငယ်များ ကွန်ရက်၊ မျိုးစောင့်လူငယ်များ ကွန်ရက်နှင့် အခြား အမျိုးသားရေး အဖွဲ့အစည်းများဖြစ်ကြောင်း သိရသည်။
Credit: DailyEleven