စည်ပင်လိုင်စင် တည်ခိုခန်းများ၏ နာမည်ကို မြန်မာဘာသာဖြင့်သား ရေးသားရန် ညွှန်ကြားချက်ထုတ်ပြန်
12 Sep 2016 1,634 Views

လက်ရှိမြန်မာနိုင်ငံတွင် ခရီးသည်များ ခတ္တအနားယူနေထိုင်သည့် ဟိုတယ် နှင့် တည်းခိုခန်း လုပ်ငန်းအပေါ်တွင် "ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌါန"က ချပေးထားသည့်လိုင်စင် နှင့် "မြို့တော်စည်ပင်"ကနေ ချပေးထားသော လိုင်စင် ဟူ၍ ၂ မျိုးကွဲပြားလျှက်ရှိနေပါတယ်။
အဆိုပါ လိုင်စင်နှစ်ခု၏ ခြားနားချက်ကို ပေါ်လွင်ထင်းရှားစေရန် စည်ပင်မှ လိုင်စင်ချပေးထားသော တည်းခိုခန်းများ၏ အမည်များကို မြန်မာဘာသာဖြင့်သာ ရေးသားရမည်ဖြစ်ပြီး၊ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌါနမှ လိုင်စင်ချပေးထားသော ဟိုတယ် နှင့် တည်းခိုခန်းများ၏ အမည်များကို အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားရန် စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ အောက်ပါအတိုင်းပြောကြားသည်။
ဟိုတယ်ခရီးကခွင့်ပြုတဲ့ ဟိုတယ်၊တည်းခိုခန်း လိုင်စင်ရှိတဲ့ တည်းခိုးခန်းတွေ ဟိုတယ်တွေမှာ နိုင်ငံခြားသားတွေ တည်း ခွင့်ရှိတယ်။ စည်ပင်က လိုင်စင်ထုတ်ပေးတဲ့ တည်းခိုခန်းတွေမှာ နိုင်ငံခြားသားတည်းခွင့်မရှိဘူး။ အဲဒါ ဌာနက ထုတ်ထား တဲ့ ဥပဒေ။ တည်းခိုခန်းတွေက နိုင်ငံခြားသားလက်ခံဖို့ ရည်ရွယ်ရင် လိုင်စင်စလျှောက်ထဲက ဟိုတယ်နှင့် ခရီးမှာ လျှောက်ရမှာ
ဟု ဆိုသည်။
လက်ရှိအခြေနေမှာ တည်းခိုခန်းများတွင် နိုင်ငံခြားသားများ တည်းခိုနေမှုများ ရှိနေသည့်အတွက်ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှနေ၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ တည်းခိုခန်း နာမည်များကို အင်္ဂလိပ်လိုမရေးပဲ မြန်မာလိုရေးဖို့ ညွှန်ကြားတာဖြစ်တယ်လို့ ထားဝယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဖြိုး က ပြောသည်။
ဆက်လက်ပြီး "တည်းခိုခန်းကတော့ နိုင်ငံခြားသားတည်းခိုလို့မရဘူး။ လက်နက်ကိုင်အဖွဲ့စည်းတွေတည်းခိုလို့မရဘူး။ နောက်တစ်ခါ ဘုန်းကြီး ရဟန်းတွေ အရင်တည်းက ကန့်သတ်ထားတာ တည်းခိုလို့မရဘူး “ ဟု ပြောသည်။
ယင်းကဲ့သို့ ညွှန်ကြားထားပြီး မြန်မာနာမည်သို့ မပြောင်းပါကလည်း အရေးယူရန် စီစဉ်ထားခြင်းမရှိသေးဘဲ နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွာများ အဆင်ပြေစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလထိ ဟိုတယ် (၁၂၆၇) လုံး၊ အခန်းပေါင်း (၄၉၅၈၄) ခန်းရှိပြီး ခရီးသွား လုပ်ငန်း ကုမ္ပဏီ စုစုပေါင်း (၁၉၂၂) ခုရှိသည်ဟု ဟိုတယ်ခရီး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
Ref:မဇ္ဈိမ
Photo: သရုပ်ပြမှုမျှသာ