ပြည်-ကံမကားလမ်းပေါ်တွင် အချုပ်ကားတိမ်းမှောက်မှုကြောင့် အကျဉ်းသူတစ်ဦးသေဆုံး၊ လူ ၉ ဦးဒဏ်ရာရ
07 Sep 2016 1,470 Views

ပဲခူးတိုင်းအနောက်ပိုင်း ပြည်-ကံမ အဝေးပြေးကားလမ်းမတွင် စက်တင်ဘာခုနှစ် ရက် နံနက်ပိုင်းက အကျဉ်းသူများ တင်ဆောင်လာသော အချုပ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် အကျဉ်းသူ တစ်ဦးသေဆုံးပြီး လုံခြုံရေးဝန်ထမ်း ၆ ဦးနှင့် အကျဉ်းသူ ၃ ဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပြည်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ ပို့ဆောင်မည့် နှစ်ကြီးအကျဉ်းသူ ၂၅ ဦးနှင့် လုံခြုံရေးဝန်ထမ်း ၁၂ ဦး တင်ဆောင် ထွက်ခွာလာသော အချုပ်ကားဖြစ်ပြီး ပြည်-ကံမ ကားလမ်းပိုင်း မိုင်တိုင်အမှတ် (၂၃/၀)နှင့် (၂၃/၁)အကြား အကွေ့တက်လမ်းတွင် ဝိတ်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုနေရာသို့ သွားရောက် စစ်ဆေးခဲ့သော တာဝန်ကျရဲဝန်ထမ်းများ၏ ပြောဆိုချက်အရ သိရသည်။
.png)
“ဒီအတက်နားမှာဖြစ်သွားတယ် လမ်းအကွေ့လဲဖြစ်တယ်။ ကုန်းအဆင်းကနေ ပြန်အတက်နေရာလဲဖြစ်ပြီး ကားလမ်းမဘေးနှစ်ဘက်က နိမ့်ပြီး လိမ့်နေတာ အချုပ်သားတွေ သယ်ဆောင်လာတော့ ကားပေါ်မှာ ဝိတ်က ရှိနေတော့ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားတယ်။˝
ဟု ထိုနေရာသို့ သွာရောက်စစ်ဆေးခဲ့သူ ပန်းတောင်းမြို့မ ရဲစခန်းမှ ရဲအုပ်စံရွှေမြင့်က ပြောသည်။ သေဆုံးသူမှာ အကျဉ်းသူ ဒေါ်နန်းမြအေးဖြစ်ပြီး အချုပ်ကားပေါ်တွင် လုံခြုံရေး လိုက်ပါလာသော ရဲမေ ၄ ဦး၊ ရဲတပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၁ ဦးနှင့် အကျဉ်းသူ ၃ ဦး စုစုပေါင်း ၉ ဦးမှာ ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
.png)
“ဖုန်းသတင်းရရချင်းပဲ လူနာတင်ယဉ်နဲ့ အဲဒီနေရာကို သွားရောက်ခဲ့တာပါ အကျဉ်းသူ တစ်ယောက်ကတော့ ဆေးရုံအပို့ လမ်းမှာပဲဆုံးသွားတဲ့အနေအထားရှိပါတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာ ရဲတပ်သားတစ်ယောက်က စိုးရိမ်ရပြီး ကျန်တဲ့သူတွေတော့ သိပ်မစိုးရိမ်ရပါဘူး။”
ဟု ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှု အသင်းမှ ဦးစောက ပြောသည်။ အဆိုပါ ယဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ယာဉ်မောင်းသူ ရဲဝန်ထမ်းအား ယာဉ်(ပ) ၄၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၈ အရ ပန်းတောင်းမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူမှုများ ပြုလုပ်ထားကြောင်း အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပြည်)မှ သိရသည်။
Ref: ရတနာပုံသတင်းစာ