ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မည့် Apple Keynote Live နှင့် အကြိုမှန်းဆထားသည့် iPhone 7 အကြောင်း
07 Sep 2016 2,156 Views
Apple ချစ်သူပရိသတ်များအတွက် ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့က ထူးထူးခြားခြားရင်ခုန်ရဦးမယ့် နေ့လေးတစ်နေ့ ဖြစ်ပါတယ်။
မြန်မာစံတော်ချိန် ယနေ့ည ၁၁:၃၀ တွင် ကျင်းပပြုလုပ်မည့် "Apple iPhone 7 keynote" ပွဲကတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ်စကိုမြို့မှာရှိတဲ့ "ဘီလ်ဂရေဟမ်စီဗစ်" ဇာတ်ရုံကြီးမှာ ပိုစတာများ ချိပ်ဆွဲလျှက် အဆင်သင့်ဖြစ်လို့ နေပါပြီ။
ဒီနေ့ညမှာ Apple ပရိသတ်တွေက ဘာတွေကို မျှော်လင့်စောင့်စားနေကြတယ်ဆိုတာကို "ပိုပိုလေး" ပရိသတ်တွေအတွက် ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
iPhone 7
ဒီဇိုင်းပိုင်းက အရင် iPhone 6 လိုပုံစံမျိုးကနေ အများကြီးထူးခြားလာဖို့ မျှော်လင့်လို့မရပါဘူး၊ သို့သော် အန်တင်နာလိုင်းလေးတွေနဲ့ အနောက်ဖက်အဖုံးက ပိုမိုမာကျောတဲ့ သတ္တုနဲ့ ပြုလုပ်ပေးထားတဲ့ အတွက် လိုင်းဆွဲအားနဲ့ ခံနိုင်ရည်ကတော့ ကွာခြားသွားပါလိမ့်မယ်။
iPhone 7 မှာ ထူးခြားတဲ့ ပြောင်းလဲမှုက နားကျပ်ပေါက်ပါမလာတော့တာ ဖြစ်ပါတယ်၊ အရင်နားကျပ်ပေါက်နေရာမှာ နောက်ထပ်စပီကာတစ်လုံး ထပ်ထည့်ထားမယ့် အနေအထားရှိနေပြီး နားကျပ်ကိုတော့ အားသွင်းကြိုးထိုးမယ့် အပေါက်မှာပဲ တပ်ဆင်ရမယ့် 3.5mm Lightning port adapter နဲ့ လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ နားကျပ်အဟောင်းတွေနဲ့လဲ ချိပ်ဆက်ပြီး အသုံးပြုလို့ရပါမယ်။
iPhone 7 ရဲ့ Home button ကို အသုံးပြုသူရဲ့ ဖိအားပေါ်မူတည်ပြီး တုံ့ပြန်မယ့်စနစ်ကို ထည့်သွင်းထားပါတယ်၊ အရင်လို နှိပ်လိုက်တဲ့အခါ ကလစ်ခနဲ ဖြစ်သွားတဲ့ အထိတွေ့မျိုးခံစားရတော့မှာ မဟုတ်ပါဘူး။ အရင် Home Button တွေထက်စာရင် ပိုမိုကြာရှည် အကြမ်းခံမယ်လို့ မျှော်လင့်မိပါတယ်။
iPhone 7 မှာ အရင်လို ရေထိမှာ ကြောက်ရတဲ့ ပြဿနာမျိုးမရှိပဲ ရေစိုခံနိုင်အောင် တိုးမြှင့်ဆောင်ရွက်ထားပါတယ်၊ နားကျပ်ပေါက်ကို မထည့်ထားတာနဲ့ Home Button ကို တစ်သားထဲဖြစ်အောင် ပြုလုပ်ထားတဲ့ ရည်ရွယ်ချက်က ရေမဝင်နိုင်အောင် ကာကွယ်ထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နောက်ထပ် အကြီးမားဆုံးပြောင်းလဲချက်က ကင်မရာပဲဖြစ်ပါတယ်၊ ယနေ့ခေတ်လို ဖုန်းကင်မရာတွေနဲ့ပဲ အမှတ်တရအလှဓါတ်ပုံတွေ ရိုက်ကူးကြတဲ့ အချိန်၊ iPhone 7 မှာ တပ်ဆင်ပေးထားတဲ့ ကင်မရာက အဆင့်မြင့် DSLR အရည်သွေးမျိုးရရှိနိုင်မယ့် ကင်မရာမျိုးဖြစ်ပါတယ်။ ကင်မရာမှန်ဘီလူး နှစ်လုံးပါရှိပြီး တစ်လုံးက wide angle (အကျယ်) ရိုက်ကူးပုံဖော်နေချိန်မှာ တစ်လုံးက Zoom (အနီး) ဆွဲရိုက်ပေးမှာ ဖြစ်ပါတယ်။ အလင်းရောင် နည်းနည်းနဲ့ ရိုက်ကူးနိုင်ခြင်း၊ bokeh လို့ခေါ်တဲ့ နောက်ခံပုံရိပ်အလှလေးတွေ ပိုမိုပီပြင်လာအောင် ပုံဖော်ပေးမယ့် ကင်မရာဖြစ်လို့ mobile photographer တွေအတွက် အကောင်းဆုံး ပုံရိပ်တွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။
iPhone 7 ရဲ့ သိုလှောင်နိုင်မှုက အနိမ့်ဆုံး 32GB ကနေ 128GB, 256GB တို့ကို ရွေးချယ်နိုင်ပါတယ်၊ သိုလှောင်နိုင်တဲ့ ပမာဏများလေ သီချင်း၊ ဓါတ်ပုံ၊ ရုပ်ရှင်တို့အပြင် ဗီဒီယိုတွေကိုလည်း များများ သိမ်းဆည်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
A10 processor အသစ်ကို အသုံးပြုထားတဲ့ iPhone 7 ရဲ့ မြန်နှုန်းကတော့ မကြုံဖူးလောက်အောင်ကို ထိတွေ့ခံစားရမှာပါ၊ Apple က iPhone 7 Plus အတွက် RAM 3GB ထည့်ပေးထားတဲ့အတွက် 4G LTE ဖုန်းလိုင်းစနစ် ဆက်သွယ်ရာမှာ ပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေရဲ့ အဓိကအသက်ဖြစ်တဲ့ ဘက်ထရီအားကို iPhone 7 မှာ 1,960Ah စွမ်းအားထည့်ပေးထားပြီး iPhone 6s ထက် ၁၅% ပိုပြီးကြာရှည်ခံနိုင်ပါလိမ့်မယ်။ အားပြန်သွင်းရာတွင်လည်း ယခင်ထက်ပိုမိုမြန်ဆန်လာအောင် ပံ့ပိုးထားပါတယ်။
အရောင်ရွေးချယ်နိုင်ပြီး "Piano black" ဆိုတဲ့ အရောင်လေးကတော့ iPhone တွေအတွက် အရောင် အသစ်လေးဖြစ်လို့ လူကြိုက်ပိုများလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
နောက်ထပ် ထပ်မံကြားသိထားတဲ့ ကောလဟာလတွေကတော့ iPhone 7 မှာ 60 FPS(Frame Par Second) နဲ့ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ခြင်း၊ SIM card နှစ်ခုပါလာခြင်း၊ ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်ခြင်း၊ ကြိုးမဲ့စနစ်နားကျပ် ပါဝင်လာခြင်း စတဲ့ လုပ်ဆောင်ချက်အသစ်တွေကိုလည်း ပရိသတ်က မျှော်လင့်လျှက်ရှိပါတယ်။
iPhone 7 အပြင် Apple Watch 3 နဲ့ New MacBook pro တို့ကိုလည်း Apple Keynote မှာ ပွဲထုတ်မယ်လို့ မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံအတွက် ထူးခြားချက် ဝမ်းသာစရာတစ်ခုကတော့ iOS 10 နှင့် Mac OS အသစ်တို့မှာ မြန်မာစာ (ယူနီကုဒ်) စနစ်ကို တရားဝင်ထည့်သွင်းပေးလိုက်ပြီး၊ စမ်းသပ်အသုံးပြုချက်များအရ မြန်မာစာမှာ အလုံးစုံနီးပါး မှန်ကန်အဆင်ပြေနေပြီဖြစ်ကြောင်း Apple Inc မှ သတင်းရရှိခဲ့ပါသည်။
ဖော်ပြခဲ့သော သတင်းများထဲမှ မည်သည့်အချက်တွေက မှန်ကန်လာပြီး၊ မည်သည့်အချက်တွေက လွဲချော်မည်၊ ဘယ်လို လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာဦးမလဲဆိုတာ ကိုယ်တိုင် ကိုယ်ကျ ကြည့်ရှု လိုသူများ Apple Keynote ကို စက်တင်ဘာလ ၇ ရက် (ယနေ့ည ၁၁:၃၀) တွင် အောက်ပါလင့်ခ်မှ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။