မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် နေအိမ်တွင်းဝင်၍ အနုကြမ်းစီးမှုဖြစ်ပွား
06 Sep 2016 1,395 Views

မန္တလေးမြို့၊ကျုံးအနောက်ဘက် လမ်း ၈၀×၈၁-လမ်း၊ ၁၃ ×၁၄ လမ်းကြား၊ ထီးရိုးဝင်းအတွင်းနေအိမ်တွင် စက်တင်ဘာ ၆-ရက်(ယနေ့) နံနက် ၁၁-နာရီခွဲခန့်က အိမ်ရှင်အမျိုးသမီးတစ်ဦးထဲရှိနေစဉ် လူငယ်နှစ်ဦး ရောက်ရှိလာပြီး အနုကြမ်းစီးမှုဖြစ်ပွားခဲ့သဖြင့် အဆိုပါအမျိုးသမီးမှာ ဓါးဒဏ်ရာဖြင့်အရေးပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။
“နှစ်ယောက်မှာ တစ်ယောက်က အဖေါ်လိုက်လာတာလို့ ပြောတယ်။ အိမ်ရှင်က ဆံပင်စုတ်ဖွားကြီးနဲ့ ကျမတို့ဘက် မြင်လိုက်ရတော့ ရုံးပြီးထလာတာနေမှာ။ အဲဒီမှာ ကောင်လေးတွေက အထဲကို ပြန်သွင်းသွားတာမြင်တော့ သဘောပေါက်ပြီး ကျမကုန်းအော်လိုက်မှ ထွက်ပြေးသွားတယ်။ သားကနောက်ကနေလိုက်တာမမှီလိုက်ဘူး။” ဟု ဖြစ်စဉ်အိမ်၏ အရှေ့ဘက်ကပ်လျက် အိမ်မှဒေါ်ချိုချိုမာကပြောသည်။
အိမ်ရှင်အမျိုးသမီးမှာ ဒေါ်နီနီအောင်(၅၅-နှစ်)ဖြစ်ပြီး စားပွဲတွင် ထိုင်ကာ စာအုပ်ဖတ်နေစဉ် ကျူးလွန်သူက နားရွက်မှ နားကပ်ကို ဖြုတ်ယူရာ ပါရှိမသွားပဲ နားတွင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့အပြင် ဓါးဖြင့်အထိုးခံရသည့်ဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး၊ ၁၀-ကျပ်သားခန့်ရွှေဆွဲကြိုးကိုလုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကျူးလွန်သူက သူတို့ရဲ့ အလုပ်ရုံမှာ ရက် ၂၀-ခန့်အလုပ်လုပ်ခဲ့ပြီး သူဆီက အကြွေး တစ်သိန်းခွဲလောက်ရ စရာရှိလို့ ပုသိမ်ကြီးရပ်ကွက်ရုံးမှာ တစ်လအတွင်း ပေးမယ်လို့ဝန်ခံချက်ထိုးထားတယ်။ တကယ်မပေးခဲ့လို့ တရားစွဲမယ်လို့ ပြောခဲ့တယ်။ ဒီနေ့မှာ တော့ အဲဒီကလေးက ဒေါ်နီနီခင်ပွန်းဆီ ဖုန်းဆက်ပြီး ခင်ဗျားအိမ်ရောက်နေပြီ လာခဲ့လို့ ပြောခဲ့တယ်။” ဟု အမှတ် ၄-ရဲစခန်း စခန်းမှူး မြတ်ကျော်သူက ပြောသည်။
အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နှစ်ဖွဲ့ခွဲရပ်ကွက်ပြည်သူများနှင့် ကျူးလွန်သူများနောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ ကျူးလွန်သူများသည် ၈၁-လမ်းအတိုင်း တောင်ဘက်သို့ ထွက်ပြေးခဲ့ရာ ၁၉-လမ်းအကျော် တွင်မျက်ခြေပြတ် သွားခဲ့ကြောင်း၊ လမ်း ၈၀-နှင့် ၃၄-လမ်းတွင် ထွက်ပြေးသူများသည် ယာဉ်တိုက်မှုဖြစ်ပွားကာ အဓိကတရားခံဖြစ်သည့် အလုပ်သမားဟောင်းဖြစ်သူ သူရိန်အား ဒဏ်ရာများနှင့် ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးမှာထွက်ပြေး သွား ခဲ့ကြောင်းသိရသည်။
အလုပ်သမားဟောင်းဖြစ်သူ အဓိကကျူးလွန်သူမှာ သူရိန်မှာ ယာဉ်တိုက်မှုဒဏ်ရာဖြင့် ဆေးရုံတွင်ရောက်ရှိကာ သတိမရသေးကြောင်းနှင့် အိမ်ရှင် ဒေါ်နီနီအောင်မှာ ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ထိခိုက်ရှနာဒဏ်ရာများနှင့် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိရာ အခြေအနေကောင်းမွန်ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် ၄-ရဲစခန်းမှ ပုဒ်မ ၃၉၄-ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
Credit: News Watch