မန္တလေးမြို့တွင် အခမဲ့လှူဒါန်းသည့် ဘုရားဆင်းတုတော် အောက်ခြေတွင် အ၀တ်စားများ ထည့်သွင်းထားသဖြင့် လှူဒါန်းသူများထံပြန်အပ်
25 Aug 2016 1,436 Views

-မန္တလေးမြို့ အောင်သာယာရပ်ကွက်တွင် အခမဲ့ လှူဒါန်းသည့် ဘုရားဆင်းတုတော်အောက်ခြေတွင် အ၀တ်စများထည့်သွင်းထား
-မင်္ကာသဖြင့် အောက်ခြေဖွင့်ကြည့်ရာ ၀တ်အစားများ ထည့်သွင်းထားသဖြင့် လှူဒါန်းသူများထံ ပြန်အပ်နေကြကြောင်း
- ဘေးအိမ်များသို့ ပြောပြလိုက်ရာ ၎င်းတို့အိမ်များရှိ ဆင်းတုတော်များမှာလည်း ထိုကဲ့သို့ ထည့်သွင်းထားသည်ကို တွေ့ရှိရသည်
- သြဂုတ်၂၃ ရက်တွင် ပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်
“ဆင်းတုတော် ကိုယ်ထည်ထဲမှာ ထည့်ထားတဲ့ အ၀တ်စတွေက ကတ္တီပါစတွေလို အ၀တ်စ အတိုအပြတ်တွေရော၊ အစတွေ အစုံပဲ၊ အသုံးပြုပြီးသား အ၀တ်စတွေလား၊ မသုံးရသေးလား ဆိုတာတော့ သေချာမသိပါဘူး။ ဆင်းတုတော်ကို ဖွင့်ကြည့်တဲ့ညကဆို ကျွန်မတို့ ရပ်ကွက်မှာ လူစုလူဝေးကို ဖြစ်သွားတယ်။ ကျွန်မတို့ကို လှူတာကတော့ အခမဲ့ လှူတာပါ။ ဘုရားကို အနေကဇာ တင်ထားတာလည်း မတွေ့ရဘူး။ စိတ်ထဲမှာ မသန့်တာနဲ့ နောက်ရက်မနက်ကျ ပြန်သွားပေးလိုက်တယ်။ ကျွန်မတို့ကို ဘုရားတွေ လိုက်ဝေပေးတဲ့သူကလည်း ဘာမှတိတိကျကျ ပြန်မပြောတော့ သံသယတွေက ပိုများကုန်တယ်” ဟု အောင်သာယာရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။
“ရပ်ကွက်ထဲမှာ ဒီလိုပဲ လျှောက်ပြောနေကြတာပါ။ မန်းမြေရာဇာ ဦးကျော်ဝင်းက မန္တလေးမြို့ သတ္တဌာန ခုနစ်နေရာကို ပြန်လည်လှူဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကျွန်တော်တို့ ရပ်ကွက်က စာသင်ကျောင်းတွေ အတွက်လည်း ကျောင်းဆောင်တွေ၊ ခုံတွေ အကုန် လှူဒါန်းပေးနေတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဒီဆင်းတုတော်တွေကလည်း ဆရာတော်ကြီးတွေနဲ့ အနေကဇာ တင်ထားပြီးသား ဆင်းတုတော်တွေပါ” ဟု ဦးကျော်ထူးက ပြောကြားသည်။ ဆင်းတုတော်အားလုံးကို ထိုင်းနိုင်ငံမှ မှာယူလာသည့် ဘုရားများဖြစ်ပြီး ဘုရား Mould (ပုံစံ)လောင်းရာတွင် ပုံမပျက်စေရန်၊ အောက်ခြေခိုင်စေရန် ယခုလို ထည့်သွင်းရလေ့ရှိပြီး ထည့်သွင်းသည့် အ၀တ်စများမှာလည်း အသန့်များသာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ယခုကဲ့သို့ ဘုရားကိုယ်ထည်အတွင်း စပါးခွံစသည် တို့ထည့်သွင်းလေ့ ရှိသည်ဟု ဘုရားဆင်းတုတော် ကျွမ်းကျင်သူ ပညာရှင်များက ပြောပြကြောင်း အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးရုံး အကျိုးတော်ဆောင် ဦးကျော်ထူးက ပြောကြားသည်။
Soure : news-eleven