နှစ်ပေါင်း ၄၀ ကြာ ဂူအောင်းနေထိုင်သည့် ၂၁ ရာစု တွင်းအောင်းလူသား
01 Aug 2016 1,344 Views
ပက်ဒရိုလူကာဟာ အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းက ဂူတဂူထဲမှာ နေထိုင်တာ နှစ်ပေါင်း ၄၀ ကြာခဲ့ပါပြီ။ အဲဒီဂူဟာ မြောက်ပိုင်း တူကူမန်ခရိုင်ထဲမှာ တည်ရှိပြီး အသက် ၇၉ နှစ်အရွယ် အဖိုးအိုဟာ သောက်သုံးရေနဲ့ လျှပ်စစ်မီး စတဲ့အရာတွေမရှိဘဲ အသက်ရှင်နေထိုင်နိုင်ခဲ့တာပါ။ ဂူအနီးက ချောင်းတိုကလေးဟာ သူ့အတွက် အဓိက ရေရရှိတဲ့ အရင်းအမြစ်တခု ဖြစ်ပါတယ်။ တကယ်လို့များ သူဆာလောင်လာခဲ့ရင်တော့ ရိုင်ဖယ်သေနတ်တလက်ကို ဆွဲပြီး အနီးဆုံး ဆန်ပီဒရိုဒီ ကိုလာလာရို တောထဲကို အမဲလိုက် ထွက်တော့တာပါပဲ။ “အသန့်စင်ဆုံးရေက အဲဒီမှာရှိနေတာပါ” လို့ သူက ပြောပါတယ်။ တွင်းထဲမှာ သူ ဘယ်သူတွေနဲ့များ ရှိနေမှာပါလိမ့်။ သူ့မှာ ကြက် ၁၁ ကောင်နဲ့ ဆိတ် ၂ ကောင်ရှိပြီး တောင်စောင်းအနီး ရောက်တတ်ရာရာ လှည့်လည်ကျက်စားနေကြကာ အိပ်တန်းတက်ချိန်ရောက်မှ ကျားသစ်တွေနဲ့ တခြား တွားသွားသတ္တ၀ါတွေရဲ့ရန်က လွတ်ဖို့ အမိုးအကာအောက်ကို ပြန်ရောက်လာကြတာပါ။
မနက်ခင်း ၃ နာရီလောက်ဆိုရင်တော့ ကြက်တွေရဲ့ တွန်သံကြောင့် သူ နိုးထလာကာ မနက်ခင်းတနေ့တာကို မီးမွှေးခြင်းနဲ့ စတင်ရပါတော့တယ်။ “မီးဟာ တကယ့်ကို မှော်ဆန်တာပါပဲ” လို့ မီးခိုးလုံးတွေပြည့်နေတဲ့ ဂူထဲက အဖိုးအို လူကာက ပြောပါတယ်။ ခုချိန်မှာတော့ လူကာဟာ ဆန်ပီဒရိုဒီ ဆန်လာလာရိုမှာ ဒဏ္ဍာရီတခုလို ဖြစ်နေခဲ့ပြီး အနီးနားမြို့တွေမှာ နေထိုင်သူတွေဟာလည်း သူ့ကို မကြာခဏ အစားအစာနဲ့ တခြား လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့လေ့ရှိတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လူကာဟာ အစိုးရ သက်ကြီးထောက်ပံ့ရေး ပင်စင်လစာမှ အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ၂၀၀ ကြား ရရှိပြီး မြို့ရဲ့ စာတိုက်ကနေတဆင့် ပုံမှန်ထုတ်ယူကာ လိုအပ်တဲ့ ဖယောင်းတိုင်၊ ဂျုံနဲ့ ပြောင်း စတဲ့အရာတွေ ၀ယ်သူလေ့ ရှိပါတယ်။ သူ့ရဲ့ တခုတည်းသော နည်းပညာသုံး ပစ္စည်းကတော့ ပါဝါဘက်ထရီ အသုံးပြုရတဲ့ ရေဒီယိုအသေးတလုံးသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တောတွင်းတောင်ကုန်းပေါ်မှာ နေထိုင်တဲ့ သူ့အဖို့ သတင်းတွေကို ဖမ်းယူနိုင်မှု အားနည်းပြီး ရှားပါးလှတဲ့ တခါတရံမှသာ ဖမ်းယူနားဆင်နိုင်တယ်လို့ ပြောပါတယ်။ လူကာဟာ တနေ့ကို ၃ နာရီလောက် လမ်းလျှောက်ပြီး သူနေထိုင်ရာ ဂူထဲကို ပြန်ရောက်ဖို့ တောင်စောင်းကနေတဆင့် တက်ရပါသေးတယ်။
အသက်အရွယ် ကြီးရင့်လာပြီဖြစ်လို့ သွားတွေ အနည်းငယ်သာရှိတော့တဲ့ လူကာရဲ့ အသားအရေဟာ ရာသီဥတု ရိုက်ခတ်မှုဒဏ် ခံနေရပေမယ့် သူ့ကိုကြည့်ရတာ ရှိရင်းစွဲအသက်ထက် ပိုငယ်တဲ့ပုံ ပေါ်နေပါတယ်။ လူကာက သူဟာ တောထဲမှာပဲ အရိုင်းဆန်ဆန် ကောင်လေးတယောက်လိုပဲ နေထိုင်သွားချင်တယ်လို့ ပြောပါတယ်။ ခုလို တောတွင်းမှာ နေထိုင်ဖို့ စိတ်ကူးဟာ အသက် ၁၄ နှစ်အရွယ်မှာ အဖိုးဖြစ်သူနဲ့ နိုင်ငံမြောက်ပိုင်းကို ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ဖူးတာကနေ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော် ကိုယ့်ကိုယ်ကိုယ် ဒီနေရာကို ဘာကြောင့် နေထိုင်ဖို့ ရွေးခဲ့တာလဲဆိုတာကို ဘယ်တုန်းကမှ မမေးခဲ့ပါဘူး။ ဒီအနီးနားမှာ တခြားဂူတွေရှိပေမယ့် ခုနေတဲ့ဂူကိုပဲ ပိုသဘောကျတယ်။ တခါတလေတော့ စဉ်းစားမိတယ်၊ ဥရောပလို ကမ္ဘာ့နိုင်ငံတွေဆီ အလည်ထွက်ချင်သေးတယ်လို့။ ဒါပေမယ့် အဲဒီကိုရောက်ဖို့ ပင်လယ်တွေအများကြီး အလယ်မှာ ရှိနေတဲ့ ဒီနေရာကနေ သွားဖို့ဆိုတာ ပင်လယ်ကို ဖြတ်နိုင်ဖို့ အချိန်လည်း ရှိဦးမှပါပဲ” လို့ သူက ပြောပါတယ်။
Credit : burmese.dvb.no/