အမျိုးသားတိုင်း မိမိတို့ရဲ့ ကိုယ်ဝန်သည်ဇနီးအကြောင်း သိသင့်တဲ့ အချက်များ
28 Jul 2016 1,399 Views
ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သက်လာတဲ့အခါ အမျိုးသားတွေ ဘာမှမသိ နလပိန်းတုံးတွေ ဖြစ်နေတတ်ပါတယ်။ စေတနာကောင်းချင်ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် မိမိတို့ကိုယ်ဝန်သည်ဇနီးကိုစိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ပဲ ပြီးသွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဇနီးဟာ ကိုယ်ဝန်လွယ်ထားရပြီဆိုတာနဲ့ အမျိုးသားတိုင်း ဒီအချက်တွေ သိကိုသိထားသင့်ပါတယ်။
• သူမ ဗိုက်ဆာနေပါတယ်။ ကျွေးမွေးပြုစုပေးပါ။ ကိုယ်ဝန်သည်တွေ ပုံမှန်ထက် အစားပိုစားကြတာ သင့်အသိပါပဲ။ အဲဒီတော့ အဆာပြေစားစရာတွေ အဆင်သင့်ပြင်ဆင်ထားရှိပါ။
• သူမရဲ့ပြောင်းလဲနေတဲ့ ရုပ်ရည်ကို မဝေဖန်ပါနဲ့။ သူမခန္ဓာကိုယ်ဘယ်လောက်ကြီးလာကြောင်း လုံးဝမပြောမိပါစေနဲ့။ သူမ သင့်ကို ပြောပြချင်မှ ပြောပြပါလိမ့်မယ်။ ခန္ဓာကိုယ်ပြောင်းလဲနေမှန်း သူမ ကောင်းစွာ သိပါတယ်။ စိတ်ထိခိုက်နာကျင်အောင် မလုပ်ပါနဲ့။ "နင်ကြည့်ကောင်းတုန်းပဲ" လို့သာ ပြောသင့်ပါတယ်။
• ကိုယ်ဝန်ဆောင်ချိန်မှာ မေ့တတ်ကြပါတယ်။ ဒီတော့ ကြင်နာပါ။ သော့ဘယ်မှာ သိမ်းထားလဲဆိုတာ သူ မေ့နေပါလိမ့်မယ်။ ဒီအဖြစ်အပျက်တွေ မသိချင်ယောင်ဆောင်နေလိုက်ပါ။ စိတ်မပူပါနဲ့။ ကလေးမွေးပြီးတာနဲ့ ပုံမှန်အနေအထားတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
• ချစ်တင်းနှီးနှောမှုက ကလေးကို မထိခိုက်စေပါဘူး။ ဒါပေမယ့် သဘောရှိတိုင်း ပျော်ပါးမယ်ဆိုတာတော့ မဟုတ်။ သင့် ဇနီးရဲ့ ပြောင်းလဲနေတဲ့ အသွေးအသားတောင့်တမှုတွေ ထည့်သွင်းစဉ်းစားပါ။ ကိုယ်ဝန်ဆောင်စဉ် တချို့အမျိုးသမီးတွေ လိင်စိတ် အလွန်ပြင်းထန်ပြီး တချို့ကျတော့ စိတ်ကုန်သွားတတ် ကြပါတယ်။
• သူမ သင့်ကို ခွဲသွားမှာမဟုတ်ပါဘူး။ သူမ ဝန်ကိုယ်ဆောင်နေတာလေ။ ကောင်းကောင်းပြုမူဆက်ဆံပါ။ လွန်လွန်ကျိုးကျိုး မလုပ်ပါနဲ့။
• မိဘဘဝ အတူတူရင်ခုန်ကြရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိစဉ် ပြောင်းလဲမှုတွေ တွေ့ကြုံခံစားရတာ သူမ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမသာလျှင် အဓိကအာရုံစိုက်ခံရသူ ဖြစ်ပါစေ။
• မွေးနေစဉ် မွေးခန်းအတွင်း ဘယ်သူနဲ့ နေမယ်ဆိုတာ ဆုံးဖြတ်မှာ သင့်ဇနီးဖြစ်ပါတယ်။ သင့်ကို သူမဘေးနား နေပေးရန် တောင်းဆိုပါက အင်မတန်ကောင်းမွန်သင့်တော်ပါတယ်။ မတောင်းဆိုခဲ့ရင်လည်း စိတ်ကောက်ပြီး သုန်မှုန်မနေပါနဲ့။
• သူမ အပျင်းထူတာမဟုတ် ပင်ပန်းနေခြင်း ဖြစ်ပါတယ်။ မိမိခန္ဓာကိုယ် ပုံမှန်ထက် သုံးဆလောက်ကြီးလာတယ်၊ သားအိမ်အတွင်းက ကလေးလေး လူးလှိမ့်နေလို့ ညညလန့်နိုးနေရတယ်လို့ စိတ်ကူးကြည့်ပါ။ သင့်ချစ်ဇနီးက အဲဒီအရာတွေအားလုံး တွေ့ကြုံခံစားနေရတာပါ။ သူမ အပျင်းထူတာမဟုတ်ပါဘူး။ ပင်ပန်းနေတာပါ။
Credit : mayoneyinponepyinmat/