BEC-TERO TV

ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ပျမ်းမျှအင်တာနက် မြန်နှုန်းနည်းနေပြီး ဈေးနှုန်းမှာမူ လွန်စွာမြင့်မား

25 Jul 2016     1,380 Views


ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ပျမ်းမျှအင်တာနက် မြန်နှုန်းနည်းနေပြီး အင်တာနက် အသုံးပြုခ ဈေးနှုန်းမှာမူ လွန်စွာ မြင့်မားနေကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ၏ ပျမ်းမျှအင်တာနက် မြန်နှုန်းမှာ 5.0 Mbps ဖြစ်ပြီး စင်ကာပူနိုင်ငံမှာ 66.6 Mbps၊ ထိုင်းနိုင်ငံမှာ 18.9 Mbps၊ ဗီယက်နမ်နိုင်ငံမှာ 14.2 Mbps၊ ကမ္ဘောဒီးယားနိုင်ငံမှာ 5.9 Mbps၊ ဘရူနိုင်းနိုင်ငံမှာ 5.51 Mbps၊ မလေးရှားနိုင်ငံမှာ 5.48 Mbps၊ လာအိုနိုင်ငံမှာ 4.5 Mbps၊ အင်ဒိုနီးရှားနိုင်ငံမှာ 4.3 Mbps နှင့် ဖိလစ်ပိုင်နိုင်ငံမှာ 3.5 Mbps တို့ဖြစ်ကြောင်း သိရသည်။ အခြားအာရှနိုင်ငံများတွင်မူ ဂျပန်နိုင်ငံမှာ 41.5 Mbps၊ တရုတ်နိုင်ငံမှာ 19.5 Mbps၊ ထိုင်ဝမ်မှာ 39.3 Mbps နှင့် ဟောင်ကောင်မှာ 78.3 Mbps တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် 1 Mbps မြန်နှုန်းဖြင့် အင်တာနက် လစဉ်ကြေးမှာ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်၍ ကျပ် ငါးသောင်းဝန်းကျင်မှ ကျပ် နှစ်သိန်းဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး ကနဦး တပ်ဆင်ခများမှာလည်း ဈေးနှုန်း ကြီးမြင့်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများကမူ Spectrum လိုင်စင်ကြေးများ လျှော့ချပေးခြင်း၊ ၎င်းတို့နှင့် လက်တွဲ လုပ်ကိုင်နေသော ဆက်စပ်ကုမ္ပဏီများအပေါ် ကောက်ခံနေသော အခွန်အခများ လျှော့ချပေးခြင်းတို့ ပြုလုပ်ပေးသင့်ပြီး ထိုမှသာ အင်တာနက်နှုန်းထားများ ဈေးနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ မိုဘိုင်းဖုန်း အင်တာနက်ကြောင့် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သူ အရေအတွက် တိုးပွားလာသည်ဟု ဆိုသော်လည်း နေအိမ်တွင် တပ်ဆင် အသုံးပြုရသော အင်တာနက် အခြေအနေမှာ အလွန်နိမ့်ကျနေကြောင်း သိရသည်။ Fixed Broadband အခြေအနေတွင် မြန်မာနိုင်ငံမှာ ၂၀၁၀ အထိ သုည ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅ ခုနှစ်တွင် သုည ဒသမ ၁၀ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ၃၆ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှာ နှစ် ရာခိုင်နှုန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။ အင်တာနက် ဈေးနှုန်းကြီးမြင့်ရခြင်းမှာ အခြေခံ အဆောက်အအုံ တည်ဆောက်မှု ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့်ဖြစ်ပြီး ယင်းကုန်ကျစရိတ်များ သက်သာစေရန် အခြေခံ အဆောက်အအုံများ မျှဝေ သုံးစွဲခြင်းအတွက် Infrastructure Sharing Guideline ရေးဆွဲလျက် ရှိကြောင်း၊ ထို့ပြင် ယှဉ်ပြိုင်မှုရှိသော ဈေးကွက်ဖြစ်လာမှသာ ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက သုံးသပ် ပြောကြားသည်။

“WiFi အင်တာနက် သုံးစွဲခဲ့ရတဲ့ အခြေအနေချင်း နှိုင်းယှဉ်မယ်ဆိုရင် ရန်ကုန်ထက် နေပြည်တော်မှာ အများကြီး ပိုကောင်းတာ တွေ့ရပါတယ်။ နေပြည်တော်မှာရနေတဲ့ မြန်နှုန်းက ထိုင်းမှာ အသုံးပြုခဲ့ရတဲ့ မြန်နှုန်းမျိုးလောက် ရှိနေပါတယ်။ ထိုင်းမှာ အင်တာနက်နှုန်းထားက တော်တော်တန်တယ် ပြောရမယ်။ မြန်မာငွေနဲ့ တစ်လကို ကျပ်သုံးသောင်းလောက် ကျသင့်တဲ့ အင်တာနက် Plan က မိသားစုတစ်စုလုံး အွန်လိုင်း ဗီဒီယိုတွေကြည့်တာ၊ Download ဆွဲတာတွေကို စိတ်ကြိုက် အသုံးပြုနိုင်တဲ့ အနေအထားမျိုး ရှိတယ်” ဟု အင်တာနက်သုံးစွဲသူ တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

Credit : news-eleven.com/


25 Jul 2016     1,380 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS