BEC-TERO TV

လှိုင်သာယာပြီးလျှင် ကျူးကျော်အများဆုံးမှာ ရန်ကင်းဖြစ်နေ

21 Jul 2016     1,378 Views


ရန်ကင်းရှိ နိုင်ငံပိုင် တိုက်ခန်းများတွင် မြေညီထပ်နေထိုင်သူများသည် နိုင်ငံတော်ပိုင်မြေများအား အရှေ့ မျက်နှာစာတွင် သာမက အနောက်ဘေးကွက်လပ်ပါ မကျန် စီးပွားဖြစ် ကျူးကျော်နေထိုင်မှုများ ရှိနေကြောင်း ရန်ကင်းတွင် နေထိုင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''လှိုင်သာယာကျူးကျော်တွေ များတယ်ဆိုတာ နေစရာ မရှိလို့၊ အိမ်မငှားနိုင်လို့ လက်လုပ်လက်စားနဲ့ ပျံကျတွေက လမ်းဘေးမှာ အိမ်ဆောက်နေတာ။ သူတို့မှာ ဒီလိုမနေရရင် နေစရာ ကျောခင်းစရာ မရှိဘူး။ အဲဒါကို လက်ခံနိုင်ပေမယ့် ရန်ကင်းမှာ ခေတ်အဆက်ဆက် အုပ်ချုပ်သူနဲ့ပိုင်ပြီး မြေညီထပ်မှာ အခန်းရထားသူတွေ၊ အရင်ခေတ်က လူကြီးသား၊ သမီး မြေညီထပ်ရထားသူတွေက အစပိုင်းမှာ သူတို့ အခန်းရှေ့ကနေ လမ်းနယ်နိမိတ်အထိ အခန်းတွေ ချဲ့ပစ်တယ်။ တချို့က သီးခြားအဆောက်အဦးတွေ ဆောက်တယ်။ ဒီလောက်နဲ့ပြီးသလားဆိုတော့ မပြီးဘူး။ အိမ်ရှေ့မှာ ကျူးကျော်တာ မြေနေရာကုန် သွားတော့ အိမ်နောက်ဘက်က ရှိသမျှမြေကို ကျူးကျော်ကြပြန်တယ်။ အခုဆို စက်မှု ၁ လမ်းမကြီးမှာ ကားမရပ်ရဘူး။ ဒါပေမဲ့ အဲဒီတိုက်ခန်းတွေမှာ နေတဲ့သူတွေ အတွက် ကားရပ်စရာ နေရာတွေကို မြေညီထပ်နေသူတွေက အပိုင်စီးပြီး အဆောက်အဦတွေ ဆောက်ထားကြတယ်။

ကျူးကျော်ချင်း တူပေမဲ့ လှိုင်သာယာမှာ ကျူးကျော်တာက နေစရာကို မရှိလို့ ကျူးကျော်ရတာ။ ရန်ကင်းမှာ စီးပွားရေး သောင်းကျန်းပြီး ကျူးကျော်ကြတာ။ တကယ့် ပြည်သူစစ်စစ်တွေကတော့ မြေညီထပ်လည်း မရပါဘူး။ မြေညီထပ်ရတဲ့သူတွေကလည်း နာမည်ပေါက်တဲ့သူတွေက မနေဘဲ ရောင်းစားသွားကြပါပြီ။ ဒီရန်ကင်း တိုက်ခန်းတွေက ကျူးကျော်နေတာကို အိုးအိမ်ကလည်း အရေးမယူ၊ စည်ပင်ကလည်း အရေးမယူနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေနဲ့ လှိုင်သာယာက ကျူးကျော်တွေကို ရှင်းဖို့ထက် မြို့လယ်ကောင် ရန်ကင်းက မျက်နှာကြီး ကျူးကျော်တွေကို အရင်ရှင်းစေချင်တယ်။ အမှန်က တိုက်တစ်လုံးစီမှာရှေ့မှာ တိုက်က အခန်းတွေ အားလုံးအတွက် ကားအားလုံး ရပ်နိုင်တဲ့ ကားပါကင်နေရာ မြေအလွတ်ရှိတယ်။ အခုတော့ မြေညီထပ် ကျူးကျော်တွေ လက်ထဲရောက်နေတယ်''ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက တူမောရိုးသို့ ပြောကြားခဲ့သည်။

ယင်းနှင့်ပက်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာနှင့် အဆောက်အဦး ဌာနမှ အရာရှိတစ်ဦးက ''စည်ပင်အနေနဲ့ ရန်ကင်းတိုက်တွေရဲ့ရှေ့၊ ဘေး၊ နောက်တွေမှာ ကျူးကျော် အဆောက်အဦတွေ ဆောက်လုပ်ထားတာကို ဖျက်ခိုင်းနေပါတယ်။ တချို့က ဖျက်ပေမဲ့ အများစုကတော့ မဖျက်ဘဲ ဒဏ်ငွေဆောင်ပြီး ဆက်နေနေကြတယ်။ ဒီကိစ္စမှာ အိုးအိမ်လည်း တာဝန်ရှိတယ်။ သူတို့က ငါတို့တော့ ဆောက်ပြီးသွားပြီ။ ပြဿနာဖြစ်ရင် စည်ပင်ရှင်းဆိုပြီး သူနဲ့ မဆိုင်သလို လုပ်နေတယ်။ နောက်တစ်ခုက မြို့နယ်တွေထဲမှာရှိတဲ့ ပလပ်မြေတွေ၊ လိုင်စင်မြေတွေကို အိုးအိမ်က ဂရန်တွေထုတ်ပေးနေတယ်။ အဲဒီလို မလုပ်ရပါဘူး။ မြေဂရန်ဆိုတာ စည်ပင်ကပဲ ထုတ်ပေး ရမှာပါ။ ဒါတွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရလည်း သိစေချင်ပါတယ်''ဟု ဖြေကြားသွားခဲ့သည်။ ရန်ကင်း တိုက်ခန်းများတွင် မြေညီထပ်နေသူများသည် တိုက်ခန်းရှေ့နှင့် တိုက်ခန်းနောက်လွတ်သမျှ မြေကို ကျူးကျော်ဆောက်လုပ်နေကြရာ အချို့ဆိုလျှင် ရှေ့တွင် ပေ ၃၀ ခန့်နှင့် နောက်တွင် ပေ ၅၀ မှ ပေ ၁၀၀ အထိ ကျူးကျော် အဆောက်အဦများ ဆောက်လုပ်နေကြောင်းလည်း ထပ်မံသိရသည်။

Credit : tomorrow.com.mm/


21 Jul 2016     1,378 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS