BEC-TERO TV

ညအချိန်မတော် လိုင်းကားပေါ်က အမျိုးသမီးကို ဓားပြခေါ်ဆောင်မုဒိမ်းကျင့်သူကို ဖမ်းမိ

20 Jul 2016     1,679 Views


၂၀၁၆ ဇူလိုင်လ ၁၂ ရက်က နံနက်စောစော ၁း၃၀ နာရီတွင် ညီအစ်မနှစ်ဦး အလုပ်ပြီး၍ လှိုင်သာယာနေအိမ်သို့ ပြန်ရန် ရွာမကွေ့တွင်တွေ့ရှိသော အမှတ် ၁၀၀ ဒိုင်နာကားပေါ်တက်၍ စီးနင်းလိုက်ပါခဲ့သည်။ သီရိမင်္ဂလာဈေး ကားမှတ်တိုင်အရောက် ကားပေါ်သို့ အသက်(၃၀)ခန့် အသားမည်း၊ ပိန်ပိန်အမျိုးသားတဦး တက်လာသည်။ ဒိုင်နာကားမှာ အင်းစိန်ကြို့ကုန်းရှိ ဂက်စ်ဆိုင်တွင် ဂက်စ်ဝင်ထည့်သည်။ ထိုအချိန်တွင် ညီအစ်မနှစ်ဦးနှင့် စပယ်ယာအပါအ၀င် လူလေးဦးသာရှိနေသည်။ ကားဆက်လက်မောင်းနှင်ချိန်တွင် သီရိမင်္ဂလာဈေးကားမှတ်တိုင်မှ တက်လာသူ အဆိုပါ အသားမည်းမည်းပိန်ပိန်လူသည် အစ်မဖြစ်သူအား ခြေထောက်ဖြင့်ကန်ကျောက်ရိုက်နှက်ရေးထုတ်ပြပြီး ညီအစ်မနှစ်ယောက်စလုံးကို သူနှင့်လိုက်ခဲ့ရန်ပြောဆို နေစဉ် အစ်မဖြစ်သူသည် ရုံးရှေ့မှတ်တိုင်အရောက် ကားပေါ်မှ ဆင်းပြေးသွားခဲ့သည်။

ညီမဖြစ်သူအား ထွက်မပြေးရအောင် လက်ကိုအတင်းအဓမ္မဆွဲထားပြီး ကားစပယ်ယာအား ထိုအသားမည်းမည်းလူက သီရိမင်္ဂလာဈေး ပြန်လှည့်မောင်းခိုင်းသည်။ သီရိမင်္ဂလာဈေးမရောက်ခင် ရွှေသံလွင်ဘုရားအနီး ဆင်းခိုင်းပြီး လမ်းကြားထဲရှိ ကွမ်းယာဆိုင်ထဲခေါ်ကာ မိန်းကလေးအား သားမယားတကြိမ်ပြုကျင့်သည်။ ထို့နောက် ဘုရင့်နောင်လမ်းဆုံသို့ ထပ်မံခေါ်ဆောင်ပြီး ဆိုင်ကယ်ကယ်ရီငှား၍ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် ထပ်မံပြုကျင့်သည်။ ကျူးလွန်ခံခဲ့ရသူ အမျိုးသမီးက လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းတွင်တိုင်ကြားရာ ရဲအုပ်ခင်စိုးက (ပ)၂၉၇/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အရေးယူ ဆောင်ရွက်ခဲ့သည်။ ထိုအမှုကျူးလွန်သူမှာ ကားစပယ်ယာအား မိတ်ဖွဲ့စကားပြောချိန်က ၎င်း၏အမည်ကို အောင်အောင်ဟု သိရှိခဲ့ရပြီး လုရင့်နောက်လမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်၌ ပြစ်မှုကျုးလွန်သွားသူ၏ပုံသဏ္ဍာန်ကို ပြောပြစုံစမ်းခဲ့ရာမှ သဲလွန်စ ရရှိခဲ့သည်။ အမှုကျူးလွန်သူမှာ ဘုရင့်နောင်ရဲစခန်းမှ ပြစ်မှုဖြင့် ထောင်ကျခဲ့ဖူးသည့် တရားခံဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုသူတိမ်းရှောင်နိုင်သည့် လှိုင်သာယာ၊ ကြည့်မြင်တိုင်စံပြငါးဈေး၊ ကြည့်မြင်တိုင်တဖက်ကမ်းများတွင် အုပ်စုဖွဲ့၍ လိုက်လံစုံစမ်းရာ ဒေသခံများ၏သတင်းပေးချက်အရ လှိုင်မြို့နယ် ဘူတာရုံလမ်းမီးပွိုင့်တွင် မသင်္ကာတရားခံ စီးနင်းလိုက်ပါလာသောကားကို ဇူလိုင် ၁၇ ရက်က နယ်ထိန်းအရာရှိ ဒု-ရဲအုပ် နေမင်းအောင်ခေါင်းဆောင်သောအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ကြသည်။ တရားခံမှာ အောင်အောင်(ခ) အခြောက်မ (ခ) ၀ဲတူ (ခ)ထာဝရအောင် (၃၃)နှစ်ဖြစ်သည်။ အဘအမည် ဦးအောင်တင်ဖြစ်ပြီး မြရိပ်ညို ၅ လမ်း၊ ၅ ရပ်ကွက်၊ လှိုင်သာယာမြို့တွင် နေထိုင်သူဖြစ်သည်။ ဖမ်းမိစဉ် အရိုးအသွား ၁၁ လက်မရှိ ဓားဦးချွန်းတချောင်းအား စက္ကူဖြင့်ပတ်၍ ယာဘက်ပေါင်တွင် ဒူးစွပ်ဖြင့် ၀ှက်ထားလျက်တွေ့ ရှိရသည်။ ယင်းအမှုအား ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 

Credit : thithtoolwin.com/


20 Jul 2016     1,679 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS