ယခု ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး တွင် လျှပ်စစ်မီး အချိန်ပိုင်း ယာယီ ပြတ်တောက်မည်
14 Jul 2016 1,624 Views

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အများအပြားတွင် အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ယာယီ ပြတ်တောက်မည်ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ စုံစမ်း သိရှိရသည်။ ရန်ကုန်မြို့ အတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ကောင်းကင် ဓာတ်အားလိုင်းများကို အဆင်မြှင့် တည်ဆောက်ခြင်းများနှင့် မိုးရာသီတွင် ပြည်သူများ ဓာတ်လိုက်မှု အန္တရာယ် ကင်းဝေးစေရေးအတွက် ရှုပ်ထွေးနေသည့် ဆားဗစ်ဝိုင်ယာကြိုးများ ရှင်းလင်းခြင်း၊ လျှပ်ကာ ဓာတ်အားကြိုးများ လဲလှယ်ခြင်း၊ ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ခြင်းများကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက် ရှိသဖြင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အများအပြားတွင် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
“အခုလို လုပ်နေတာတွေက ပြည်သူတွေ လျှပ်စစ် အန္တရာယ် ကင်းဝေးစေဖို့ပေါ့။ သစ်ပင်တွေ ခုတ်နေတာကိုလည်း တကယ်ဆို ကျွန်တော်တို့က ဒီထက်ပိုပြီး လုပ်ပေးချင်တာ။ သိပ်ပြီး မလုပ်နိုင်သေးဘူးလို့ ပြောရမယ်။ အခုက လျှပ်စစ်မီး မလင်းတဲ့ နေရာတွေကို လင်းဖို့အတွက် လုပ်နေတာဆိုတော့ ငွေအင်အား၊ လျှပ်စစ် ကျွမ်းကျင်တဲ့ လူအင်အားရော လုံလောက်မှု မရှိဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ဓာတ်တိုင်တွေက တအားနိမ့်တယ်။ နိုင်ငံခြားမှာဆို အမြင့်ကြီးတွေ။ ဒီမှာက နိမ့်လွန်းတော့ သစ်ပင်တွေကို လိုက်ခုတ်နေရတာ ကြာလာတော့ သစ်ပင်တွေက ပုပုလေးတွေ ဖြစ်လာတယ်။ ဓာတ်တိုင် အမြင့်တွေနဲ့ လဲဖို့ အတွက်က လုပ်ချင်ပေမယ့် အားလုံးကို လဲဖို့အတွက် မဖြစ်နိုင်သေးဘူး” ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဇူလိုင် ၁၅ ရက်၊ ၁၆၊ ၁၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် ဓာတ်အားဖြန့်ဖြူးနေသည့် ၃၃ ကေဗွီ၊ ၆ ဒသမ ၆ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင် တည်ဆောက်ခြင်းများ ပြုလုပ်မည်ဖြစ်ရာ ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် လည်းကောင်း၊ ဇူလိုင် ၁၇ ရက်တွင် မင်္ဂလာဒုံ၊ အင်းစိန်၊ သာကေတ၊ ဒေါပုံမြို့နယ်တို့တွင် လည်းကောင်း အချိန်ပိုင်း လျှပ်စစ်မီးများ ယာယီ ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (တောင်)၊ မြောက်ဥက္ကလာ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ အလုံ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဖောင်ကြီး၊ ထန်းတပင်၊ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်၊ အင်းတိုင်၊ မြောင်းတကာ မြို့နယ်များ၏ ရပ်ကွက်အချို့ရှိ CNG ဆိုင် အချို့နှင့် စက်မှုဇုန် အချို့တို့တွင် အချိန်ပိုင်း လျှပ်စစ်မီး ယာယီ ဖြတ်တောက်သွားမည်ဟု သိရသည်။ အလားတူ ဇူလိုင် ၁၇ ရက် နံနက် ၉ နာ ရီမှ မွန်းတည့် ၁၂ နာရီအတွင်း ဒဂုံတောင်၊ မရမ်းကုန်း၊ လှိုင်၊ ဒဂုံ၊ အလုံ၊ လသာ၊ လမ်းမတော်၊ သန်လျင်၊ အင်းစိန်၊ လှိုင်သာယာ၊ မှော်ဘီ၊ တိုက်ကြီး၊ မြောင်းတကာနှင့် ရွှေပြည်သာ စသည့် မြို့နယ်များ၏ ရပ်ကွက်အချို့ရှိ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တို့တွင် အချိန်ပိုင်း လျှပ်စစ်မီး ယာယီ ပြတ်တောက်မည် ဖြစ်သည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းမှ သိရသည်။ ထိုသို့ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်၍ လူမှုရေး အခက်အခဲများ ပေါ်ပေါက်လာပါက နားလည်ပေးပါရန် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။
ထို့ပြင် ဒဂုံမြို့သစ် (အရှေ့) ၏ ၆၆ ကေဗွီနှင့် ဓာတ်အားခွဲရုံတွင် Current Transformer လဲလှယ်ခြင်း လုပ်ငန်းများကို ဇူလိုင် ၁၄ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ဒဂုံမြို့သစ်(အရှေ့) ရှိ ရပ်ကွက်များ၊ စိုက်ပျိုးရေး အထူးဇုန်၊ ဘီပိုး ကာကွယ်ရေး ဆေးဝါးစက်ရုံ၊ လှည်းကူးမြို့နယ် အတွင်းရှိ ကျေးရွာ အချို့တို့တွင် လျှပ်စစ်မီး ယာယီ ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
Credit : http://news-eleven.com/