ဈေးကွက်အတွင်း ရောင်းချသည့် ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်များအား ခွင့်မပြုဆိုးဆေးများကို နှစ်မျိုးရော သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိ
12 Jul 2016 1,559 Views

‘အစားအသောက်များတွင် ဆိုးဆေး ကင်းစင်ရေး’ အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးရှိ ဈေး ၁၃ ဈေးတွင် ရောင်းချသည့် ငါးပိ၊ အရောင်တင်မှုန့်၊ မျှစ်၊ ပဲကြီးလှော် အပါအ၀င် အရောင်ပါ အစားအသောက်များကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်အချို့၌ ခွင့်မပြုဆိုးဆေးများကို တစ်မျိုးချင်းသာမက နှစ်မျိုးရောသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
ငါးပိ၊ မျှစ်၊ အရောင်တင်မှုန့်၊ ပဲကြီးလှော်၊ စသည့် အရောင်ပါ အစားအသောက်များကို နမူနာ ကောက်ယူ ဓာတ်ခွဲစစ်ဆေးခဲ့ရာ နမူနာ စုစုပေါင်း ၄၇၈ မျိုးအနက် ၁၀၂ မျိုးတွင် ခွင့်မပြု ဆိုးဆေးများဖြစ်သည့် Auramine O, Rhodamine B, Sudan Dyes, Orange II စသည့် ဆိုးဆေးများကို တစ်မျိုးချင်းဖြစ်စေ၊ နှစ်မျိုးရောဖြစ်စေ သုံးစွဲထားသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဈေး ၁၃ ဈေးရှိ ဈေးသူဈေးသားများအား ဆိုးဆေးများ၏ ဘေးအန္တရာယ်ကို ဟောပြောပြီး ခွင့်မပြုဆိုးဆေးများ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဟု အသိပေးရှင်းလင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော ခွင့်မပြုဆိုးဆေးများမှာ Auramine O, Rhodamine B, Sudan Dyes, Orange II တို့ဖြစ်ကြောင်း၊ ခွင့်မပြုဆိုးဆေးများသည် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပေါ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးဌာန၏ ပြောကြားချက်အရ သိရသည်။
Auramine O (အ၀ါရောင်) သည် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး လက်ဖက်၊ ပဲကြီးလှော်၊ မျှစ်များတွင် အများဆုံး အသုံးပြုနေသည်ကိုတွေ့ရကြောင်း၊ Rhodamine B (အနီရောင်/ပန်းရောင်) သည် ရောဂါရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးတစ်မျိုးဖြစ်ပြီး ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာတွင်လည်း အသုံးပြုကြောင်း၊ Sudan Dyes (အနီရောင်) သည် ဖိနပ်၊ သားရေများကို အရောင်ဆိုးသော ဆိုးဆေးဖြစ်ပြီး ယင်းကို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်များတွင် အများဆုံး အသုံးပြုနေကြောင်း၊ Orange II (လိမ္မော်ရောင်)ကို ချည်၊ သိုးမွှေးများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး ယင်းကို ငရုတ်သီးမှုန့်၊ ယိုစုံ၊ ပဲနီလေး စသည်တို့တွင် အရောင်လှစေရန် ရည်ရွယ်ကာ အသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။
အစားအသောက်ဆိုးဆေးများတွင် သဘာဝဆိုးဆေး (Natural Food Dyes) နှင့် ဓာတုဆိုးဆေး (Artificial Dyes) ဟူ၍ရှိသော်လည်း သဘာဝဆိုးဆေးမှာ ထုတ်လုပ်ရန်ခက်ခဲခြင်း၊ ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် အသုံးမပြုကြဘဲ ကုန်ကျစရိတ်သက်သာပြီး တွက်ခြေကိုက်သည့် ဓာတုဆိုးဆေးများကိုသာ အသုံးပြုမှု များပြားရခြင်းဖြစ်ကြောင်း၊ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအား အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန် သတိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲဆို အရေးယူခံရမည်ဖြစ်ကြောင်း နှိုးဆော်ထားပြီး ဖြစ်သည်။
Credit : news-eleven.com/