ယခုလကုန်တွင် BRT ယာဉ်လိုင်း ခရီးစဉ် လမ်းကြောင်း ၃ ထပ်မံတိုးချဲ့ရန် စီစဉ်နေဟု ဆို
08 Jul 2016 1,661 Views

BRT ယာဉ်လိုင်းကို ၂၀၁၆၊ ဖေဖော်ဝါရီလမှ စတင်ကာ လမ်းကြောင်းအမှတ်စဉ် ၁ ဖြင့် စတင်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) ခရီးစဉ်လမ်းကြောင်းများကို ပြေးဆွဲလျက်ရှိသည်။ ထို့အပြင် ဇူလိုင်လကုန်ပိုင်းတွင် ခရီးစဉ်လမ်းကြောင်း ၃ အား ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန် ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်အောင်က ပြောကြောင်း သိရသည်။ အဆိုပါ ခရီးစဉ် ၃ လမ်းကြောင်းကို ထောက်ကြန့်မှ အောင်မင်္ဂလာအဝေးပြေး၊ ကမ္ဘာအေး၊ ချော်တွင်းကုန်း၊ ကုက္ကိုင်းလမ်းဆုံ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းတို့ကို ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကာ ကားစီးရေ ၂၀ ဖြင့် ပြေးဆွဲရန် စီစဉ်ထားပြီး ယာယီမှတ်တိုင်များ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်း ခရီးစဉ် လမ်းကြောင်း ၃ တွင် မှတ်တိုင် ၃၈ ခုထားရှိမည်ဖြစ်ပြီး ထောက်ကြန့်ဂိတ်ရင်းမှ ခရေပင်လမ်းခွဲ၊ အမှတ်၃ လမ်းဆုံ၊ ခြောက်ကွေ့၊ လမ်းဝ၊ ကမ္ဘာအေး၊ ချော်တွင်းကုန်း၊ ကုက္ကိုင်းလမ်းဆုံမှ တက္ကသိုလ်ရိပ်သာလမ်း အတိုင်း လှည်းတန်းလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ မှတစ်ဆင့် အင်းစိန်လမ်းမ ပေါ်တက်ပြီး သမိုင်းလမ်းဆုံ ၊ အင်းစိန်ပန်းခြံ၊ တညင်းကုန်းလမ်းဆုံ၊ ခရေပင်လမ်းခွဲ မှ ထောက်ကြန့်ဂိတ်သို့ ပြန်ဝင်မည်ဖြစ်ကြောင်း သိရသည်။ “BRT အနေနဲ့ အခုလို ပြေးဆွဲတာတော့ ကောင်းပါတယ်။ SRT နဲ့ BRT ယာဉ်လိုင်းတွေမှာ ကတ်စနစ်နဲ့ဆိုတော့ တစ်ခုတည်းကို အသုံးပြုနိုင်ရင်တော့ ပိုကောင်းမယ်။ အခုဟာက တစ်ခုနဲ့တစ်ခုက ချိတ်ဆက်မှုမရှိဘူးလေ။ အခုလို ပြေးဆွဲတော့ ခရီးသည်တွေအနေနဲ့ ပိုပြီး အဆင်ပြေတာပေါ့။ နောက်ပြီး ၀န်ကြီးချုပ်က ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ ယာဉ်နောက်လိုက်တွေ မပါဝင်တော့ဘဲ လက်မှတ်စနစ်နဲ့ လုပ်မယ်လို့ အသံကြားဖူးတယ်။ လက်မှတ်စနစ်အစား ယာဉ်လိုင်းအားလုံးမှာ ကတ်တစ်ခုတည်းနဲ့ ငွေပေးချေနိုင်ရင် ပိုကောင်းမယ်” ဟု ရန်ကုန်မြို့တွင် ဘတ်စ်ကားစီးကာ ရုံးတက်ရုံးဆင်းရသည့် မြောက်ဥက္ကလာနေ ဦးခင်အောင်က ဆိုသည်။
Credit : The Ladies News