သင်္ဃန်းကျွန်းမြို့ နယ်က အမျိုးသမီးချင်း လည်ပင်း နှင့်ပါးများကို ဓားမဖြင့် ထိုးခုတ် လူသတ်မှု
21 Jun 2016 1,589 Views

သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်ရှိ တိုက်ခန်းတစ်ခန်း၏ ရေချိုးခန်းအတွင်း အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ဇွန် ၂၀ ရက် ညပိုင်းက သတင်းရရှိခဲ့ပြီး တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း Yangon Police ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အသတ်ခံရသည့် အမျိုးသမီးမှာ သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် စံပြ (၅) လမ်း တိုက်အမှတ် (131) A၊ တိုက်ခန်း အတွင်းရှိ ရေချိုးခန်းထဲ၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို သားဖြစ်သူ အလုပ်က ပြန်လာချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ခန်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
"ကျွန်တော်တို့ စသိရတာ ညနေငါးနာရီ၊ ငါးနာရီခွဲ ၀န်းကျင်လောက်မှာ သူ့သားက အလုပ်ပြန်လာမှ သူ့အမေ အသတ်ခံရကြောင်း သိရတာ။ မနက်ပိုင်းကတော့ အပေါ်ထပ်မှာ ဒုန်းဒုန်းဆိုတဲ့ အသံတော့ ကြားမိလိုက်တယ်။ အော်တဲ့အသံလည်း နည်းနည်းပါးပါး ကြားရတယ်။ နောက်ကျတော့ ရဲတွေရောက်လာတယ်" ဟု အသတ်ခံခဲ့ရသည့် အမျိုးသမီး၏ တိုက်ခန်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ အသတ်ခံခဲ့ရသည့် အမျိုးသမီးမှာ သားနှင့်အတူ တိုက်ခန်းအား ငှားရမ်းနေထိုင်သူဖြစ်ပြီး ယင်းတိုက်ခန်းမှာ သားဖြစ်သူ ပြန်လာချိန်တွင် သော့ခတ်ထားလျက် တွေ့ရကာ လုံခြုံရေးအရ အမြဲသော့ခတ် ထားလေ့ရှိသည့် တိုက်ခန်းဖြစ်ကြောင်း ပတ်ဝန်းကျင်ရှိ နေထိုင်သူများက ပြောကြားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်အား စုံစမ်းခဲ့ရာ ယင်းနေ့ နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က အခင်းဖြစ်တိုက်ခန်း ပေါ်တွင် ဆူညံသံများကြားရပြီး “ဆရာမရယ် မလုပ်ပါနဲ့”ဟု အော်ဟစ်ပြောဆိုသံများ ကြားရကြောင်း၊ တိုင်တန်းသူအား ဆရာမဆိုသူများနှင့် ဆက်စပ်သည့် သတင်းအား မေးမြန်းစုံစမ်းခဲ့ရာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်ခန့်မှစတင်၍ ကျောင်းဆရာမ ဒေါ်အေးအေးမော်ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်း သတင်းအတည်ပြု ရရှိခဲ့ကြောင်း သိရသည်။
အမှုစစ်အဖွဲ့မှ ဒေါ်အေးအေးမော် (ခ) အင်ကြင်းခိုင်၏ လိပ်စာအား စုံစမ်းခဲ့ပြီး သွားရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်တွင် မတွေ့ရှိဘဲ တစ်လမ်းတည်းနေ ၎င်း၏မွေးစားသမီးဖြစ်သူ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ သမီးဖြစ်သူ မကျော့ကေခိုင်(ခ)ချစ်ပုနှင့် သားမက်ဖြစ်သူ ညီညီလင်းတို့ကိုသာ တွေ့ရှိခဲ့ပြီး မကျော့ကေခိုင်(ခ)ချစ်ပု၏ ယာဘက်ချောင်းများတွင် ဒဏ်ရာအနည်းငယ် ရရှိထားသည်ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်အား စစ်ဆေးစဉ် ပြစ်မှုကျူးလွန်သူ ကျန်ရစ်ခဲ့သော ကြယ်ပုံ ၂ ခုပါ ဘဲဥပုံ (ရွှေအတု) လော့ကက်သီးအား မွေးစားသမီးဖြစ်သူ မကျော့ကေခိုင်ထံပြသရာ ၎င်းပစ္စည်းမှာ မွေးစားမိခင် ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်၏ ပစ္စည်းဖြစ်ကြောင်း ၀န်ခံပြောဆိုသဖြင့် ဒေါ်အေးအေးမော် သွားလာတတ်ရာ နေရာများအား မေးမြန်းရာ ၎င်း၏မိခင်ဖြစ်သူ ဒေါ်အေးအေးမော်မှာ တောင်ဥက္ကလာပမြို့နယ်၊ စိန်တောင်ကြီး ဟိုတယ်သို့ သွားရောက်တည်းခိုလေ့ရှိကြောင်း သိရှိရသဖြင့် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ပူးပေါင်းအဖွဲ့မှ ၎င်းဟိုတယ်သို့ သွားရောက်ရှာဖွေရာ အခန်းအမှတ် (၂၁၅) တွင် ဒေါ်အေးအေးမော်အား အင်ကြင်းခိုင်အမည်ဖြင့် ကျော်ကျော်ဆိုသူနှင့်အတူ တည်းခိုနေထိုင် လျက်ရှိကြောင်း တွေ့ရှိရ၍ ၎င်းတို့အား ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၊ မကျော့ကေခိုင်(ခ)ချစ်ပုနှင့် ညီညီလင်းတို့ အားစစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀.၆.၂၀၁၆ ရက်နေ့ ၉ နာရီ အချိန်ခန့်တွင် နေအိမ်မှ ထွက်လာခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်စံပြ (၅) လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် သားမက်ဖြစ်သူ ညီညီလင်းအား ထားခဲ့ကာ စံပြ(၅)လမ်း၊ အခင်းဖြစ်တိုက်ခန်းရှိ ဒေါ်ခင်မြ၀င်းထံ အကြွေး သွားတောင်းမည်ဟု ပြောဆို၍ သမီးဖြစ်သူ ကျော့ကေခိုင်(ခ)ချစ်ပုနှင့်အတူ ထွက်ခွာသွားခဲ့ကြောင်း၊ နေအိမ်ပေါ် အရောက်တွင် ရရန်ရှိသော အကြွေးငွေ သိန်း(၃၀) တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး အချေအတင် စကားများကြပြီး ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်မှ ဒေါ်ခင်မြ၀င်းအား စတင်ရိုက်နှက်ရာ ဒေါ်ခင်မြ၀င်းမှ ဖုန်းအားသွင်းကြိုးဖြင့် လည်ပင်းအား ရစ်ပတ်ဆွဲသဖြင့် မကျော့ကေခိုင်(ခ)ချစ်ပုမှ ၀င်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ဒေါ်ခင်မြ၀င်းမှ နောက်ဖေးမီးဖိုမှ ဓားမအား ယူဆောင်၍ခုတ်ရာ
မကျော့ကေခိုင်(ခ)ချစ်ပု၏ ယာဘက် လက်ချောင်းတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်မှ ဒေါ်ခင်မြ၀င်းအား ရေချိုးခန်းအတွင်းသို့ တွန်းလှဲကာ လည်ပင်းနှင့်ပါးများကို ဓားမဖြင့် ထိုးခုတ်ခဲ့ကြောင်း၊ ယင်းနောက် သမီးဖြစ်သူအား အိပ်ခန်းအတွင်းမှ ခေါင်းအုံးယူခိုင်းကာ ဒေါ်ခင်မြ၀င်း၏ မျက်နှာအား အသက်ရှူ ရပ်သည်အထိ ဖိထားပြီး ဒေါ်ခင်မြ၀င်း ၀တ်ဆင်ထားသော ရွှေဆွဲကြိုးနှင့် လက်ကောက်(၃)ကွင်းအား ဖြုတ်ယူ၍ လက်ဖက်ရည်ဆိုင်မှ သားမက်ဖြစ်သူအား ခေါ်ဆောင်ပြီး နေအိမ်သို့ ပြန်လာခဲ့ကြကြောင်း၊ ရွှေဆွဲကြိုးနှင့် ရွှေလက်ကောက်တို့အား မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄) ရပ်ကွက်၊ စည်ပင်လမ်း၊ အမှတ်(၉၉)ရှိ “ပို့ပို့” အပေါင်ဆိုင်နှင့် ငွေချေးလုပ်ငန်းသို့ သွားရောက်၍ မကျော့ကေခိုင်၊ သားမက်ဖြစ်သူ ညီညီလင်းတို့နှင့်အတူ ငွေကျပ် (၂၁)သိန်းဖြင့် ပေါင်နှံခဲ့ခြင်းဖြစ်ကြာင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းအမှုနှင့် ပတ်သက်၍ သက်သေခံ ရွှေထည်ပစ္စည်းများအား မူလပုံမပျက် ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်၊ (၄၆)နှစ်နှင့် မကျော့ကေခိုင်(ခ)ချစ်ပု၊ (၂၆)နှစ်တို့အား အခင်းဖြစ်ပွားပြီး လာရောက်တိုင်တန်းသည့် ည ၇ နာရီ ၃၀ မိနစ် မှစတင်၍ ၄ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း Yangon Police ၏ ထုတ်ပြန်ချက်အရ သိရသည်။
Writer: နေမျိုးဝင်း
Credit : http://www.news-eleven.com/