BEC-TERO TV

အိန္ဒိယ၌ လက်ထပ်မထားဘဲ ကိုယ်ဝန်ရသည့် မိန်းမများ၏ ကလေးများကို မှောင်ခိုရောင်းဝယ်

10 Jun 2016     1,384 Views


ဂွာလီယော - စွန့်ပစ်ခံ မွေးကင်းစကလေးငယ်များကို မှောင်ခိုရောင်းချနေသည်ဟု သံသယရှိသည့် ပုဂ္ဂလိကဆေးရုံတစ်ရုံသို့ အိန္ဒိယရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ကယ်တင်ခဲ့သော ကလေးငယ်လေး တစ်ဦးကို အထူးကြပ်မတ်ကုသဆောင် တစ်ခုတွင် သူနာပြုဆရာမတစ်ဦးက အငိုတိတ်စေရန် ချော့မြှူလျက်ရှိသည်။ လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားခဲ့သည့်အဆိုပါ ကလေးငယ်လေးမှာ အားအလွန်နည်းနေသောကြောင့် ယခုအခါ အစိုးရဆေးရုံ၌တင်ထားပြီး အထူးကြပ်မတ် ကုသပေးနေရသည်။ ''စိတ်သဘောထားကောင်းတဲ့ ဇနီးမောင်နှံက ခေါ်ယူမွေးစားပြီး ကိုယ့်ရင်သွေးလေးလို ပြုစုပျိုးထောင်ပေးပါစေလို့ သူ့အတွက် ကျွန်မ ဆုတောင်းပေးပါတယ်'' ဟု ဂွာလီယောမြို့ရှိ အစိုးရဆေးရုံမှ သူနာပြုဆရာမက ပြောကြားခဲ့သည်။

ပါလက်ရှ် ပုဂ္ဂလိကဆေးရုံရှိ ဝန်ထမ်းများက ကြားကဆောင်ရွက်ပေးသူ ပွဲစားများနှင့်ပူးပေါင်းကာ လက်ထပ်မထားဘဲ ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီးများကို ၄င်းတို့ဆေးရုံ၌ ကလေးမွေးဖွားစေကာ ထိုကလေးကိုစွန့်ပစ်ခဲ့ရန် စည်းရုံးသိမ်းသွင်းပြီး စွန့်ပစ်ခဲ့သော မွေးကင်းစကလေးများကို ရူပီး ၁ဝဝ,ဝဝဝ (ဒေါ်လာ ၁,၅ဝဝ) ခန့်ဖြင့် ရောင်းချနေသည်ဟု ရဲတပ်ဖွဲ့က သင်္ကာမကင်းဖြစ်ခဲ့သည်။ ပြီးခဲ့သည့်လ စီးနင်းမှုကို ဦးဆောင်ခဲ့ပြီး ထိုအမှုကို စုံစမ်းစစ်ဆေးလျက်ရှိသော ရဲမှူး ကူမား ပရာတိခ်က ''ပွဲစားတွေက ကိုယ်ဝန်ဖျက်ချချင်နေတဲ့ ကိုယ်ဝန်သည်တွေကို လိုက်ရှာပြီး ကိုယ်ဝန်ကို ဖျက်ချမယ့်အစား မွေးဖွားပြီးမှ စွန့်ပစ်ခဲ့ဖို့ သိမ်းသွင်းပြောဆိုကြတယ်'' ဟု အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ''သူတို့ပစ်မှတ်ထားတဲ့ ကိုယ်ဝန်သည်တွေကတော့ လက်ထပ်မထားဘဲ ကိုယ်ဝန်လွယ်ထားရသူတွေ ဖြစ်တယ်။ ကလေးမွေးဖွားခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး လျှို့ဝှက်ပေးထားမယ်လို့ပြောပြီး သူတို့ကို ပါလက်ရှ်ဆေးရုံက ကောင်းကောင်းကြီး အမြတ်ထုတ် အသုံးချနေတာ'' ဟု ၄င်းကဆိုသည်။

ပါလက်ရှ်ဆေးရုံ၌ မွေးဖွားခဲ့ပြီး အခြားမြို့များရှိ ဇနီးမောင်နှံများထံသို့ ရောင်းစားခံခဲ့ရသော ကလေးငယ်ငါးဦး အကြောင်းကို ရဲတပ်ဖွဲ့က ခြေရာကောက် စုံစမ်းလျက်ရှိသည်။ ယခုအခါ ပိတ်လိုက်ရပြီဖြစ်သော ပါလက်ရှ်ဆေးရုံသည် ဂွာလီယောမြို့ရှိ အစိုးရဆေးရုံနှင့် လမ်းမကြီးသာခြားသည့် နေရာ၌တည်ရှိသည်။ စုံစမ်းစစ်ဆေးသူများက ရောင်းစားခံရသည့်ကလေးအရေအတွက် ပို၍များလာနိုင်ခြေရှိခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါဆေးရုံ မှတ်တမ်းများအရ မကြာသေးမီနှစ်များအတွင်းက ထိုနေရာ၌ မွေးဖွားပေးခဲ့သော ကလေးအရေအတွက်မှာ ၇ဝဝ ကျော် ရှိနေခြင်းကြောင့်ဖြစ်သည်။ ကလေးခိုးခြင်းနှင့် မွေးစားမည့်သူများထံ ရောင်းစားခြင်းတို့မှာ အိန္ဒိယ၌ တွေ့နေမြင်နေကျဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောခဲ့သည်။ ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများသည်ပင် ထိုကိစ္စမျိုး၌ ပါဝင် ပတ်သက်နေသည်ကို တွေ့ရတတ်သည်ဟုဆိုသည်။ သို့သော်လည်း ကြားပွဲစားများကတစ်ဆင့် ကိုယ်ဝန်သည်များကို ပစ်မှတ်ထား စည်းရုံးသိမ်းသွင်းမှုမျိုးမှာ ထူးခြားသည့်ဖြစ်စဉ်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

အလုပ်နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသည့် ဆေးရုံအလုပ်သမားဟောင်း တစ်ဦး၏သတင်းပေးချက်ဖြင့် ရဲတပ်ဖွဲ့က ပါလက်ရှ်ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဆေးရုံတာဝန်ရှိသူနှစ်ဦးကို ဖမ်းဆီးထားသည်။ စွပ်စွဲခံထားရသည့် ဆေးရုံတာဝန်ရှိသူ ဒါရိုက်တာအဖွဲ့ဝင် တာပို့ရှ်ဂုပ်တာက အမှားတစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း ထပ်တလဲလဲငြင်းဆိုထားသည်။ ရဲတပ်ဖွဲ့က ဂုပ်တာနှင့်အခြားတစ်ဦးကို လူကုန်ကူးမှု အပါအဝင် စွဲချက်များဖြင့် ကနဦး တရားစွဲဆိုထားပြီး တရားမဝင် လုပ်ငန်းအကြောင်း အသေးစိတ် အချက်အလက်များကို စုဆောင်းလျက်ရှိသည်။ တရားဝင်ကိန်းဂဏန်းများ မရှိသော်လည်းအမျိုးသမီးနှင့်ကလေးများ လူကုန်ကူးခံရမှုမြင့်မားသည့် အိန္ဒိယနိုင်ငံတွင် ကလေးမွေးစားမှုများအတွက် မှောင်ခိုဈေးကွက်ရှိနေကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောကြားခဲ့သည်။ ''ကလေးဟာ မွေးဖွားပြီးပြီးချင်းပဲဆုံးသွားတယ်လို့ လိမ်လည်ပြောဆိုပြီး နောက်ပိုင်းမှ မွေးစားဖို့အတွက် တခြားတစ်ယောက်ကို ရောင်းစားတာလိုမျိုး ဥပမာတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဒီလို လိမ်လည်မှုတွေ နိုင်ငံအနှံ့အပြားမှာ ရှိနေပါတယ်'' ဟု ကလေးသူငယ် လူကုန်ကူးမှုတိုက်ဖျက်ရေး နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့တွင် အလုပ်လုပ်နေသည့် အန်ဂျလီပါဝါက ပြောကြားခဲ့သည်။

တရားဝင် ကလေးမွေးစားရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးများပြားလွန်းသဖြင့် ကလေးမွေးစားချင်ကြသည့် အချို့ဇနီးမောင်နှံများသည် မှောင်ခိုဈေးကွက်များကို ရွေးချယ်လာကြကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။ ဆေးရုံကိုစီးနင်းစဉ်က ကယ်တင်ခဲ့သော မွေးကင်းစကလေးနှစ်ဦးအနက် ယောက်ျားကလေးတစ်ဦးမှာ သေဆုံးသွားခဲ့ခြင်းကြောင့် ကျန်ခဲ့သည့် တစ်လသားအရွယ် မိန်းကလေးတစ်ဦးကို အစိုးရဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်၌ထားကာ စောင့်ရှောက်ကုသပေးထားသည်။ ကျန်းမာလာပါက မိဘမဲ့ကလေးဂေဟာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Credit : http://myanmar.mmtimes.com/


10 Jun 2016     1,384 Views




RELATED

Most Popular of Special or Others

Most Popular of NEWS