မြန်မာ - တရုတ် နယ်စပ် ဒေသ မှ တောရိုင်းတိရစ္ဆာန် ဈေးကွက်
08 Jun 2016 1,607 Views

ဝန်ကြီးဌာနအနေဖြင့် ဒေသခံတွေကို ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ မြန်မာ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝသယံဇာတများရဲ့ တန်ဖိုးကို သိနားလည်အောင် ပညာပေးအစီအစဉ်များ ဆောင်ရွက်သွားရန် စီစဉ်ထားပါတယ်။
ရှမ်းပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ဒေသရှိ တောရိုင်းတိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းချနေတဲ့ အဓိကဈေးကွက်ကို ပိတ်သိမ်းသွားရန် မြန်မာအစိုးရက စီစဉ်နေကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန်လ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဥပဒေစိုးမိုးမှု အားနည်းပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်းရှိ မိုင်းလားဒေသမှာ တောရိုင်းတိရစ္ဆာန် ခန္ဓာကိုယ် အစိတ်အပိုင်းများ လွတ်လပ်စွာ ရောင်းချနေတဲ့ အဓိကဈေးကွက်တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။
မိုင်းလားမှာ ဆင်စွယ်နဲ့ ကျားရိုးဝိုင်အရက်ကဲ့သို့ တောရိုင်းတိရစ္ဆာန်ထွက် ရောင်းကုန်ပစ္စည်းတွေကို လွတ်လပ်စွာကုန်သွယ်မှု ပြုလုပ်နေပြီး တရုတ်နိုင်ငံသား ခရီးသည်အများအပြားက အဓိက ဝယ်ယူလေ့ရှိပါတယ်။
အဆိုပါ ဈေးကွက်မှာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နမိတ်ထိစပ်နေတဲ့ ကမ္ဘာကျော် ရွှေတြိဂံနယ်မြေနဲ့လည်း ဆက်နွယ်နေပါတယ်။ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေးဝါးနဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု၊ လူကုန်ကူးမှုကဲ့သို့ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ ဒုစရိုက်နယ်မြေ ဖြစ်ပါတယ်။
မိုင်းလားရှိ တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို ပိတ်သိမ်းသွားနိုင်ရန် စီစဉ်နေကြောင်းနဲ့ ဒေသခံပြည်သူနဲ့ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုမရှိဘဲ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွန်ကြားရေမှူး ဦးကျော်ဆန်းနိုင်က အေအက်ဖ်ပီသတင်းဌာနက ပြောကြားပါတယ်။
ဝန်ကြီးဌာနအနေဖြင့် ဒေသခံတွေကို ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ မြန်မာ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝသယံဇာတများရဲ့ တန်ဖိုးကို သိနားလည်အောင် ပညာပေးအစီအစဉ်များ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တားဆီးနိုင်ရန် ရုန်းကုန်နေရပါတယ်။ အရှေ့တောင်အာရှမှ တောရိုင်းတိရစ္ဆာန်ထွက်ကုန်တွေကို တရုတ်နိုင်ငံမှ ဝယ်လိုအား အလွန် များပြားနေကြောင်း သိရပါတယ်။
Source : Duwun