တရုတ်နိုင်ငံတွင် စတင်ပြေးဆွဲခဲ့သည့် ပထမဆုံးသံလိုက်ရထား
03 Jun 2016 1,843 Views

တရုတ်နိုင်ငံ၏ မီးရထားတည်ဆောက်ရေးလုပ်ငန်းပိုင်းမှာ တိုးတက်လျှက်ရှိရာ မကြာခင်က PMSMစနစ်ကို အသုံးပြုထားသည့် နိုင်ငံ၏ ပထမဦးဆုံးသော သံလိုက်ရထားကို စတင်စမ်းသပ်ပြေးဆွဲခဲ့သည်။ ထိုစနစ်က တရုတ်နိုင်ငံ၏ရထားသွားလာရေးနယ်ပယ်ကို ပိုမိုခေတ်မီဆန်းသစ်စေနိုင်ပြီး ယခင်ကြုံနေကြ ရထားသွားလာရေးအခက်အခဲများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
CRRC Qingdao Sifang ကုမ္ပဏီ မှပြီးခဲ့တဲ့ စနေနေ့တွင် အဆိုပါ သံလိုက်ရထားကို အောင်မြင်စွာ စမ်းသပ်ပြေးဆွဲနိုင်ခဲ့သည်ဟုပြောကြားခဲ့သည်။ အကြီးတန်း ဒီဇိုင်းနာ Zhong Yuanmu မှ အဆိုပါရထားတွင် အသုံးပြုထားသော စနစ်များကိုရှင်းလင်းပြောကြားပြီးနောက် ပို့ဆောင်ရေးစနစ်တွင် ပိုမိုအဆင်ပြေနိုင်ပြီး မြေအနေအထားခက်ခဲသောနေရာများတွင် ခရီးသည်များကို ပို့ဆောင်နိုင်မည်ဟု ဆိုသည်။
၎င်းက PMSMစနစ် သုံး သံလိုက်ရထားများ၏စွမ်းအင်သုံးစွဲမှုကလက်ရှိ သုံးစွဲနေမှုထက် ၁၀ရာခိုင်နှုန်းစီ သက်သာစေနိုင်မည်ဖြစ်ပြီး သာမန်ဆူညံမှုများကိုပါ လျှော့ချပေးနိုင်မည်ဟုဆိုသည်။ အဆိုပါ ရထားမောင်းနှင်စဉ် ထွက်ရှိလာသော ဆူညံသံမှာ မော်တော်ကားသံထက် ညင်သာပြီး တစ်နာရီလျှင် ၇၀ ကီလိုမီတာနှုန်းနှင့် မောင်းနှင်နိုင်သည်ဟုလည်းပြောကြားခဲ့သည်။ ရထားတွင် မီးအချက်ပေးစနစ်တပ်ဆင်ထားပြီး မီးလောင်မှုဖြစ်ပွားပါက အလိုအလျှောက်ရေဖြန်းကိရိယာဖြင့် ငြိမ်းသတ်နိုင်အောင် တပ်ဆင်ထားကြောင်းသိရသည်။
CRRC Qingdao Sifang ကုမ္ပဏီ၏ပြောကြားချက်များအရ ကမ္ဘာနှင့်အ၀န်း သံလိုက်ရထား ပို့ဆောင်ရေးလိုင်းပေါင်း ၅၀ ခန့် အသုံးပြုနေလျက်ရှိပြီး အဆိုပါစနစ်အသုံးပြုရထားလိုင်း တည်ဆောက်ရေးကုန်ကျစရိတ်မှာလည်း မြေအောက်ပို့ဆောင်ရေးစနစ်တည်ဆောက်ရေး၏ သုံးပုံတစ်ပုံသာရှိသည်ဟု China Daily သတင်းဌာနက မေလ ၃၀ရက်က ဖော်ပြခဲ့သည်။ Credit: china.com