BEC-TERO TV

မန္တလေးမြို့ရှိ ကျောင်းအချို့တွင် ရောင်းသူမဲ့ စာရေးကိရိယာ ဆိုင်များ ဖွင့်လှစ်မည်

19 May 2016     1,580 Views


လာမည့် ဇွန်လ ကျောင်းဖွင့်ချိန်မှစ၍ မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းအချို့တွင် ရောင်းသူမဲ့ စာရေးကိရိယာဆိုင် များဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း သိရသည်။ ထိုကဲ့သို့ ဖွင့်လှစ်ရန်အတွက် မန္တလေးတိုင်း ဒေသကြီးရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းကြီး ၅ ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် မိမိတို့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မန္တလေးရှိရောင်းသူမဲ့အအေး ဆိုင်ပိုင်ရှင် ကိုဝမ်းကပြောသည်။
 
”အခုဆိုရင် အစိုးရကလည်း ပြည်သူ့အစိုးရဖြစ်နေပြီ။ ပြည်သူ့ အစိုးရနဲ့အတူကလေးတွေရဲ့ အကျင့်စာရိတ္တကိုသင်ကြားပေးနေတဲ့ ဒီလို စာသင်ကျောင်းတွေမှာ ဒီလိုဆိုင်မျိုးလေးတွေ ဖွင့်ရင်တော့ကလေးတွေ စာရိတ္တပိုင်းဆိုင်ရာ ဒီထက်ပိုပြီး တိုးတက်လာမှာပါ။အမြတ်အစွန်းက အဓိက မဟုတ်ပါဘူး။ ဈေးချိုဖို့ကိုလည်း အရင်းအတိုင်းပဲရောင်းသွားမှာပါ။ ဒီလို ရောင်းသူမဲ့ စာရေးကိရိယာဆိုင်တွေက ကလေးတွေရဲ့ ပညာရေးပိုင်းကို အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကိုဝမ်းက ပြောသည်။
 
၎င်းတို့ အနေဖြင့် ရောင်းသူမဲ့ဆိုင်များဖွင့်လှစ်ရာ၌ အစပိုင်းတွင် ငွေကြေးပျောက်ဆုံးမှုများရှိခဲ့ပြီး ယခုလို ကျောင်းများ၌ ဖွင့်ရာတွင်လည်း အခက်အခဲများရှိနိုင်မည်ဟု မှန်းထားကြောင်း ၎င်းကပြောသည်။ ရန်ကုန်တိုင်း ဒေသကြီးမှ အထက်တန်းပြ ဆရာမ ဒေါ်ရင်မြက ရောင်းသူမဲ့ဆိုင်များနှင့်ပတ်သက်၍ ”အခုလို ကျောင်းတွေမှာ ရောင်းသူမဲ့ စာရေးကိရိယာဆိုင်တွေ ဖွင့်မယ်ဆိုရင် အရင်ဆုံးကလေးတွေကို ပညာပေးမှုတွေ စလုပ်သင့်တယ်လို့ မြင်ပါတယ်။ ကြီးတဲ့ ကလေးတွေက သိသော်လည်း တချို့ငယ်တဲ့ကလေးတွေ ကျတော့သိမှာ မဟုတ်ဘူး၊ မဖွင့်ခင်ပေါ့။ ကလေးတွေကို ပညာပေး မှုတွေလုပ်ရမယ်။ ဒီလိုဆိုင်တွေက ကျောင်းမှာမှ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာလည်း ရှိတယ်ဆိုတာကို ပညာပေးသင့်တယ်။ အခုလိုလုပ်တာ ကျောင်းသားနဲ့ မိဘဆရာတွေ အားလုံးပူပေါင်းရင် ဒီထက်ပိုအောင် မြင်မှာပါ” ဟု ပြောသည်။
 
ရောင်းသူမဲ့ ဈေးဆိုင်များကို ယခုနှစ်ဧပြီလသင်္ကြန်ကာလအတွင်းမှစတင်ကာ ရန်ကုန်မြို့၊ မြေနီကုန်းရှိမီးသွေးဆိုင်ကစတင်လုပ်ဆောင်ခဲ့ပြီး ရောင်းသူမဲ့ အအေးဆိုင်များကို မန္တလေးမြို့တွင် မေလ ၂ ရက် နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ရောင်းသူမဲ့ အအေးဆိုင်များကို ရန်ကုန်၊ မန္တ လေးမြို့ကြီးများ အပါအဝင် မော်လမြိုင်၊ သထုံ၊ ပြည်၊ပုသိမ်၊ တံတား ဦး၊ ရွှေဘို၊ ရေစကြို၊ မိုးကုတ်၊ မိုးမိတ်မြို့များတွင်ပါ ဆိုင်အရေ အတွက် စုစုပေါင်း ၄ဝ ခန့်ကို ဖွင့် လှစ်နိုင်ခဲ့ကြောင်း၊ ယခုရောင်းသူ မဲ့စာရေးကိရိယာဆိုင်များကိုလည်း မန္တလေးတိုင်းဒေသကြီးမှ စာသင်ကျောင်းအချို့တွင် အဆင်ပြေစွာ ဖွင့်နိုင်ခဲ့ပါက ၎င်းတို့အနေဖြင့် တစ်ပြည်လုံးရှိ အခြေခံပညာ စာသင် ကျောင်းများတွင် တိုးချဲ့ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း ကိုဝမ်းက ပြောသည်။
 
Credit to Popular

19 May 2016     1,580 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS