အော်ငိုနေတဲ့ စွန့်ပစ်ခံကလေးငယ်ကို လမ်းမပေါ်မှာ နို့တိုက်ခဲ့တဲ့ အမျိုးသမီး
17 May 2016 1,822 Views

စွန့်ပစ်ခံထားရတဲ့ မွေးခါစအရွယ် ကလေးငယ် အော်ငိုနေချိန်မှာ မိခင်စိတ် ကြီးမားလွန်းတဲ့ အမျိုးသမီးငယ်တစ်ဦးက လမ်းမပေါ်မှာထိုင်ပြီး ကလေးငယ်ကို နို့တိုက်ခဲ့ပါတယ်။ သူ့ရဲ့အကြင်နာတရား ကြီးမားမှုဟာ တရုတ်နိုင်ငံက အွန်လိုင်းအသုံးပြုသူတွေကြား အချိန်ပိုင်းအတွင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီကလေးငယ်ကို ဂွမ်းစောင်နဲ့ပတ်ပြီး ပုံးတစ်ပုံးထဲထည့်လို့ တရုတ်နိုင်ငံ ရှင်ယန်လမ်းထောင့်မှာ စွန့်ပစ်ခဲ့တာပါ။ ပုံးဘေးမှာတော့ နွားနို့တစ်ထုပ်နဲ့ ယွမ် ၁၀၀ တန်တစ်ရွက် ရှိပါတယ်။ ပုံးထဲမှာ အော်ငိုနေတဲ့ မွေးခါစ ကလေးငယ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လမ်းပေါ် ဖြတ်လျှောက်သွားသူ နှစ်ယောက်က တွေ့ရှိခဲ့တာပါ။
ကလေးငယ်က မရပ်မနား အော်ငိုနေလို့ သိပ်မကြာခင်မှာပဲ အဲဒီနားတစ်ဝိုက်မှာ လူတွေဝိုင်းလာခဲ့ပြီး အငိုတိတ်အောင်လို့ ရေတိုက်တာ၊ အရိပ်မိုးပေးတာတွေ လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ကလေးငယ်က အငိုမတိတ်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ လူအုပ်ထဲကနေ အသက်သိပ်မကြီးသေးတဲ့ အမျိုးသမီးတစ်ဦး ထွက်လာပြီး လမ်းမပေါ်ထိုင်ကာ ကလေးငယ်ကို နို့တိုက်ခဲ့ရာမှာ ကလေးငယ် ငိုသံတိတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံက လူမှုဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ ကလေးငယ်ဟာ ဦးနှောက်ထိခိုက်လို့ ကြွက်သားတွေ မလှုပ်ရှားနိုင်တဲ့ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ခန္ဓာကိုယ် မသန်စွမ်းတဲ့ ကလေးငယ်တွေကို စွန့်ပစ်မှုက သောင်းချီရှိပါတယ်။ တရုတ်နိုင်ငံ လူမှုကွန်ယက်မှာ ဒီသတင်းပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် အွန်လိုင်းအသုံးပြုသူတွေက ကလေးငယ်ကို နို့တိုက်ခဲ့တဲ့ အမျိုးသမီးကို အမျိုးမျိုး အဖုံဖုံ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ အွန်လိုင်းအသုံးပြုသူတစ်ဦးက "မိခင်မေတ္တာထက် ပိုကြီးမြတ်တဲ့အရာမရှိ''လို့ ရေးသားခဲ့ပြီး အခြားတစ်ဦးကတော့ ''ဒီအမျိုးသမီးဟာ မိခင်တစ်ယောက်ရဲ့အဓိပ္ပာယ် ဘာဆိုတာကို သက်သေပြခဲ့တယ် ''လို့ မှတ်ချက်ပေးခဲ့ပါတယ်။Credit:YoYarlay