BEC-TERO TV

ည ၁၁ နာရီ ဆိုင်ပိတ်ရန် အမိန့် မထုတ်ပြန်ထားသေးဟု ရန်ကုန်ဝန်ကြီးချုပ် ဆိုပြန်

13 May 2016     1,409 Views


ရန်ကုန်တိုင်းဒေသကြီး အတွင်း ည ၁၁ နာရီအချိန် ကေတီဗွီများ၊ အရက်ဆိုင်များ၊ အနှိပ်ခန်းများနှင့် ဘားများ ပိတ်ရန် တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိသေးဘဲ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းလည်း မရှိသေး ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အစီအမံများ ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပေးရှင်းလင်းပွဲ တခုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ညနေ ၃ နာရီက ကျင်းပရာတွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ “မြို့နယ်အတွင်းမှာ ရှိနေတဲ့ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေ ဒီဟာတွေကို အရေးယူဆောင်ရွက်မယ်ဆိုရင် ကျနော်တို့က လူတွေကို ဖမ်းချင်တာ မဟုတ်ပါဘူး။

ဒီလုပ်ငန်းတွေကို လုပ်တဲ့သူတွေက ဒါတွေဟာ ငါတို့ မလုပ်သင့်တော့ဘူးလို့ သူတို့ကို ကျနော်တို့က စပြီး အသိပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မလိုက်နာဘူးဆိုရင် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရအဖွဲ့ရုံးကနေ တိတိကျကျ ပုံစံချပေးမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကလည်း လတ်တလော ည ၁၁ နာရီ ဆိုင်ပိတ်ရမည်ဆိုသော ညွှန်ကြားချက် ထုတ်ပြန်ခြင်းမရှိသေးဘဲ တိုင်းအစိုးရက အစည်းအဝေး ဆုံးဖြတ်ပြီးမှ သာလျှင် အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“ ည ၁၁ နာရီမှာ KTV တွေ၊ မာဆက်တွေ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်ရမယ်။ မပိတ်ရင်လဲ ရဲတွေက ဖမ်းတယ်၊ ဆီးတယ် လိုက်စစ်နေတယ်ဆိုပြီး အသံတွေ ထွက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ အစိုးရ အဖွဲ့က ဘာမှ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒီအမိန့်တွေကို တကယ်တမ်း ထုတ်ပြန်ရမှာက အစိုးရ အဖွဲ့က ဖြစ်ပါတယ်။ အစိုးရ အဖွဲ့ကနေ ၀န်ကြီးချုပ်က အစည်းအဝေး လုပ်ပြီးတော့မှ ဒီအစီအစဉ်ကတော့ ဒီလိုဖြစ်တယ်။ ဒါမျိုး လုပ်မယ်ဆိုတဲ့ အစည်းအဝေး ဆုံးဖြတ်ပြီးမှသာလျှင် အမိန့်ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်း က ဆိုသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှ ရဲမှူးကြီးဝင်းဗိုလ်က ရန်ကုန်မြို့တွင် တရားဥပဒေ စိုးမိုးရေးအတွက် ညဘက် ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ညကလပ် များ၊ ဘားများ အားလုံးကို ည ၁၁ နာရီ တွင် ပိတ်သိမ်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက အရေးယူ မည်ဟု တရားဝင် အသိပေးအကြောင်းကြားထားပြီး ယင်းသို့ အကြောင်းကြားမှုသည် ရက် ၁၀၀ စီမံချက်နှင့်ဆက်နွယ်ကြောင်း ယမန်နေ့က ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းထုတ်ပြန်ပြောဆိုချက်ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများမြင့်တက်လာပြီးနောက် ည ၁၁ နာရီ ဆိုင်များ ပိတ်ရန် ညွှန်ကြားချက်မရှိဟု ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။

Credit : irrawaddy.com


13 May 2016     1,409 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS