ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်းအချို့ ပျောက်ကွယ်သွား
12 May 2016 1,797 Views

ကမ္ဘာ့သမုဒ္ဒရာများ ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းအချို့ ပျောက်ကွယ်သွားကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဆော်လမွန်ကျွန်းစုအနီးရှိ အနည်းဆုံး ကျွန်းငယ် ငါးခုမျှ ရေဖုံးလွှမ်းကာ ပျောက်ကွယ်သွားခြင်းက သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်လာခြင်း၏ အန္တရာယ်ကို ညွှန်ပြနေကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ အဆိုပါကျွန်းများပေါ်တွင် လူများ အခြေချနေထိုင်မှု မရှိချေ။ သို့သော်လည်း အခြားသော ကျွန်း ၆ ခုမှာ ကုန်းမြေပေါ် ရေလွှမ်းလာကာ လူနေရွာများပါ ပျက်စီးခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာကမ်းခြေဒေသများအပေါ်တွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း သိပ္ပံနည်းကျ ပထမဆုံးအကြိမ် သက်သေပြလာနိုင်ခြင်းဟုလည်း ပညာရှင်များက မှတ်ချက်ပေးခဲ့သည်။
သဘာဝပတ်ဝန်းကျင် သုတေသနစာတမ်းတွင် ဖော်ပြထားမှုအရ ၁၉၄၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်း ၃၃ ကျွန်းကို ဝေဟင်မှ ဓာတ်ပုံရိုက်ကာ အပြောင်းအလဲများကို မှတ်တမ်းတင်ထားခြင်းဟု သိရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ပစိဖိတ် သမုဒ္ဒရာရေမျက်နှာပြင်သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀ မီလီလီတာမျှ မြင့်တက်လာကာ ကျွန်းအချို့ကို ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ ပျောက်ကွယ်သွားသည့် ကျွန်းများမှာ စိုက်ပျိုးရေးလုပ်ကိုင်နိုင်သည့် သန္တာကျွန်းများဖြစ်ကြပြီး စိုက်ပျိုးမြေ ၅ ဟက်တာမျှ ဆုံးရှုံးသွားခဲ့သည်။ အဆိုပါကျွန်းများကို တံငါသည်များက ရံဖန်ရံခါအသုံးပြုသော်လည်း အခြေချနေထိုင်မှု မရှိချေ။
“ပြောချင်တာက ကမ္ဘာ့ရာသီဥတုပူနွေးပြီး သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်လာတာကြောင့် သဲကျွန်းအသေးလေးတွေလောက်ပဲ ပျောက်သွားတာ မဟုတ်ဘူးဆိုတာပဲ”ဟု ဦးဆောင်သုတေသီ ဆိုင်မွန်အဲလ်ဘတ်က ပြောကြားခဲ့သည်။ ရေလွှမ်းကာ ပျောက်ကွယ်သွားသည့် ကျွန်းများအနက် လူနေမှုစနစ်ကို အထိခိုက်ဆုံး ဖြစ်စေခဲ့သည့်မှာ နူအာတမ်ဘူ ကျွန်းဖြစ်သည်။ ထိုကျွန်းပေါ်တွင် မိသားစု ၂၅ ခု အခြေချ နေထိုင်ပြီး ၂၀၁၁ မှ စတင်ကာ ရေလွှမ်းမှုများကြောင့် နေအိမ် ၁၁ လုံး ဆုံးရှုံးပြီး စိုက်ပျိုးနိုင်သည့် မြေပြင်ဧရိယာ၏ ထက်ဝက်မျှကိုပါ အသုံးမပြုနိုင်တော့ကြောင်း သိရှိရသည်။
Credit : 7daydaily.com/