ရန်ကုန်တိုင်းအတွင်း ဆိုးသွမ်းနယ်မြေများကို ရွေးချယ်ကာ စီမံကိန်းချမှတ်၍ လူထုလုံခြုံရေးအတွက် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား
11 May 2016 1,383 Views

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ရက် (၁၀၀) စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲကို တွေ့ရစဉ် ရန်ကုန်တိုင်းအတွင်း ဆိုးသွမ်းနယ်မြေများကို ရွေးချယ်ကာ စီမံကိန်းချမှတ်၍ လူထုလုံခြုံရေးအတွက် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၁၀ ရက်တွင် ပြောကြားသည်။ အဆိုပါပြောကြားမှုကို မေ ၁၀ ရက် နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ရက် (၁၀၀) စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရား တစ်ရပ်လုံးဟာ တုံ့ပြန်ခံရမယ်ဆိုတာ လုံးဝအဖြစ်မခံနိုင်ဘူး။ ဖြစ်လို့လဲမရဘူး။ ရဲကို ဓားနဲ့ထိုးသတ်ပြီးနောက် ရဲမလာနဲ့ဆိုတဲ့ နယ်မြေမျိုး ရန်ကုန်တိုင်းမှာ လုံးဝမရှိစေရဘူး။
ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားက ပြည်သူလူထုက အပ်နှင်းထားတဲ့ တာဝန်ကို ဆောင်ရွက်ဖို့ ကြိုးစားမှာ ဖြစ်တယ်။ ဒီလိုကြိုးစားတာကို ရာဇ၀တ်ဂိုဏ်းလို လူပုဂ္ဂိုလ်တွေက ဒီနယ်မြေမှာ လာပြီး မင်းသေသွားနိုင်တယ်ဆိုရင် အဲဒီစိန်ခေါ်မှုက ကျွန်တော်တို့အတွက် အကြီးဆုံးစိန်ခေါ်မှုပဲ။ ဒါမျိုးတွေကို ခွင့်ပြုထားလို့ မရဘူး။ အဲဒီစိန်ခေါ်မှုကို ကျွန်တော်တို့ ရှင်းမယ်။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဆိုးသွမ်းတဲ့ နယ်မြေတွေကိုရွေးချယ်ပြီး စီမံကိန်းတစ်ခု ချမှတ်ပြီးတော့ လူထုလုံခြုံရေးအတွက် လုပ်ဆောင်သွားမှာပါ”ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယင်းရှင်းလင်းပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရက် (၁၀၀) ပြည့် မှုခင်းကျဆင်းရေးစီမံချက် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မှုခင်းများ ဖော်ထုတ်ဖမ်းဆီးရာတွင် လိုအပ်သည့် အပိုင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ မှုခင်းများ ဖော်ထုတ်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့အင်အားမှာ ပြည်သူအချိုးနှင့် မမျှတဘဲ လွန်စွာ နည်းပါးနေကြောင်း၊ ပြည်သူများ အပါအ၀င် အခြားဌာနဆိုင်ရာ အဖွဲ့အစည်းများ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချူပ်ဝင်းနိုင် က အဆိုပါ ရှင်းလင်းတင်ပြပွဲတွင် ပြောကြားသည်။ အဆိုပါ မှုခင်းများကျဆင်းရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရဲတပ်ဖွဲ့ရဲ့ အင်အားဟာ သုံးယောက်လောက် ရှိရမယ့် အခြေအနေမှာ တစ်ယောက်တောင် မရှိသေးတဲ့ အခြေအနေဖြစ်နေတယ်။ ဒီအခြေအနေကို ရန်ကုန်တိုင်းမှာ ရဲတပ်ရင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ရဲချူပ်နဲ့ ညှိနှိုင်းထားပါတယ်။ ရဲတပ်ရင်းကို အားဖြည့်တင်းနိုင်ဖို့ ကျွန်တော် ကြိုးစားမှာပါ”ဟု ပြောကြားသည်။
တရားစီရင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က “တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်နိုင်ဖို့အတွက် ဥပဒေဘက်က ထိန်းပေးဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးဟာ တရားဥပဒေနဲ့ လုံးဝမပတ်သက်ဘူး။ တရားစီရင်ရေးမဏ္ဍိုင်က လွတ်လွတ်လပ်လပ် ဆုံးဖြတ်မှုကို ကျွန်တော်တို့ နာခံဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ အမှုတစ်ခုကို တရားမစွဲဆိုခင်မှာ ဥပဒေရုံးကို ပို့ရတယ်။ ဥပဒေရုံးရဲ့ မှတ်ချက်ဟာ အရေးကြီးတယ်။ အဂတိကင်းဖို့ လိုပါတယ်။ အဲဒီလို အဂတိကင်းဖို့အတွက် ဥပဒေရုံးက ထိထိရောက်ရောက် တာဝန်ယူပါ။ အုပ်ချုပ်ရေး၊ ၀န်ထမ်းဌာနအသီးသီး ပူးပေါင်းဆောင်ရွက်ဖို့အပိုင်းကို ကျွန်တော်တို့ အုပ်ချုပ်ရေးအပိုင်းက တာဝန်ယူ ဆောင်ရွက်ပါမယ်”ဟု ပြောကြားသည်။ ထို့အတူ ထောင်မှထွက်လာသည့်သူများ၊ ရဲဘက်စခန်းမှ ပြေးလာသည့်သူများ အပြင်သို့ ရောက်သည့်အခါ မည်သည့် ရည်မှန်းချက်မှ မရှိဘဲ ပြစ်မှုများ ထပ်မံကျူးလွန်နေခြင်း၊ ထပ်မံထောင်ကျနိုင်သည်ကို မစိုးရိမ်ဘဲ ကြိုက်သလို စီမံလုပ်ဆောင်နေသည့် အခြေအနေမှာ အရေးကြီးသည့် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ယင်းအခြေအနေကို ပြန်လည်တည့်မတ်နိုင်ရန် ကြိုးစားမည်ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေးအတွက် မေ ၁ ရက်မှ စတင်ခဲ့သည့် ရက် (၁၀၀) စီမံချက် ကိုးရက်အတွင်း ပြေးလေးပြေး ဖော်ထုတ်ဖမ်းဆီးရာတွင် တရားခံပြေး ၃၃ ဦး၊ စစ်ပြေး ၃၁ ဦး၊ ရဲပြေး နှစ်ဦး၊ ရဲဘက်ပြေး နှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ကြိုတင်ကာကွယ် ဖမ်းဆီးမှုအပိုင်းတွင် လက်နက် ၂၄ မှု၊ လောင်းကစားမှု ၅၁ မှု၊ မူးယစ်ဆေးဝါး ၆၃ မှု၊ ပြည့်တန်ဆာ ၃၇ မှု၊ ခြေချုပ် ၁၈ မှု၊ ကျင့် ၅၄-၆၃ မှု၊ ရဲအက် ၅၆ မှု၊ ယစ်မျိုး ၁၀၆ မှု၊ ဆင်ဆာမဲ့ဗီဒီယို ၁၀ မှု၊ မော်တော်ယာဉ် ၄၉၅ မှုကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Credit ; http://news-eleven.com/