မကြိုက်တဲ့အစားအသောက်အတွက် ပေးစရာမလိုတဲ့ ဝန်ဆောင်မှု
07 May 2016 1,415 Views

မြန်မာ လူမျိုးတစ်ယောက် အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းက Missouri ပြည်နယ်ရှိ Kansas City သို့ ရောက်တုန်းရောက်ခိုက် ဖြစ်ပါတယ်။ မြန်မာလူမျိုးဖြစ်တာကြောင့် ဗိုလ်စာ မစားနိုင်သဖြင့် တရုတ်ဟင်းလျာဆိုင်တစ်ခုသို့ သွားစားခဲ့ ပါတယ်။ မွန်ဂိုလီးယားဝက်သားဟင်းလို့ခေါ်တဲ့ ဝက်သားနဲ့ ထမင်းကို စားပြီး Ice Tea မှာသောက်ပါတယ်။ ဝက်သားဟင်းဟာ ပထမ မြည်းကြည့်မှ ငံတဲ့အရသာကို ရရှိပါတယ်။ ဒီတော့ ဗိုက်ကလည်း သိပ်မဆာတာကြောင့် ဒီလောက်လေး ငံတာကတော့ complaint မတက်ချင်တော့ပါဘူးလေ ဆိုပြီးတော့ ဒီတိုင်းပဲ စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စားလို့ သုံးလေးလုပ်လောက်ပဲ ရှိသေးချိန် စားလို့ အဆင်ပြေပါရဲ့လားဆိုပြီးတော့ ဝိတ်တာအမျိုးသမီးက လာမေးပါတယ်။
အမေရိကန် စားသောက်ဆိုင်တွေရဲ့ ထုံးစံအတိုင်းကတော့ စားသုံးသူ မြည်းကြည့်ပြီးလောက်တဲ့အချိန်မှာ အစားအသောက် အခြေအနေကောင်းရဲ့လားကို အမြဲ လာမေးပါတယ်။ အကယ်၍ မကြိုက်သေးရင် ပြန်ပြင်ပေးဖို့ပါ။ ကိုယ်ကတော့ ဆက်စားပေမယ့် လာလည်း မေးနေတယ်ဆိုတော့ Too much salt (ဆားများတယ်) လို့ပဲ ဖြေလိုက်ပါတယ်။ ဆားများတာက ချက်ပြီးသားဟင်းလည်း ဖြစ်တာကြောင့် ရေနွေးနဲ့ ပြန်ဖျောလို့လည်း မရလို့ ဖြစ်ပါလိမ့်မယ်။ ဝက်သားကိုက ဆားနဲ့ နှပ်ထားခြင်း ဖြစ်ပြီး ဟင်းချက်တဲ့အခါ ဆားထပ်ထည့်တာကြောင့် ယခုလို ဖြစ်သွားကြောင်း ဆိုပါတယ်။ It's ok လို့ပဲ ပြောပြီးတော့ ကိုယ်ဟာ ဆက်စားလိုက်ပါတယ်။ စားသာစားတာ ဆားများတာကြောင့် ဟင်းပွဲရဲ့ သုံးပုံပုံ တစ်ပုံပဲ ကုန်ပါတယ်။ ထမင်းကတော့ ကုန်ပါတယ်။ Ice Tea က နှစ်ခွက်သောက်လိုက်ပါတယ်။ (တစ်ခွက်ဖိုးပဲပေးရပါတယ်လို့ ဆိုလို့ပါ။) ဒီလိုနဲ့ ရှင်းမယ်လည်း လုပ်တော့ ဘောင်ချာ ရောက်လာတဲ့အခါ ကြည့်လိုက်တော့ ဝက်သားဟင်းဖိုးကို ဖယ်ထားပါတယ်။
ဘာလို့လဲလို့ မေးလိုက်တော့ မန်နေဂျာကနေပြီးတော့ မယူပါနဲ့လို့ ပြောလို့ပါတဲ့။ တကယ်ရော အဆင်ပြေရဲ့လားလို့ ကိုယ်က သေချာအောင်မေးလိုက်ပါတယ်။ ဘာလို့လဲဆို မြန်မာပြည်မှာက ကြိုက်ကြိုက် မကြိုက်ကြိုက် စားပြီးရင် ပေးရတဲ့ အကျင့်က ရှိနေလို့ပါ။ အားနာတတ်တဲ့ အကျင့်ကလည်း ပါနေလို့ပါ။ အဆင်ပြေပါတယ်။ မပေးပါနဲ့။ ရပါတယ်ရှင် ဆိုပြီး ပြောနေတာ့ ကိုယ်ကလည်း Tip money ပိုပေးလိုက်ပါတယ်။ ၂.၉၅ ဒေါ်လာပဲ ကျပေမယ့် Tip money အပါဝင် ၈ ဒေါ်လာပေးလိုက်ပါတယ်။ Tip money ကတော့ အမေရိကန် ထုံးစံအရ ၁၅ - ၂၀ ရာခိုင်နှုန်း ပေးရပေမယ့် ကိုယ်ကတော့ ပိုပိုသာသာ ပေးလိုက်ခဲ့ ပါတယ်။ ဒီလို ဝန်ဆောင်မှု ကောင်းမွန်မှုကြောင့် ဆားငံပေမယ့် စိတ်ချမ်းချမ်းသာသာ စားခဲ့ရပါတယ်။
Credit: YoYarLay