BEC-TERO TV

ကချင်ပြည်နယ်အတွင်း တယ်လီနော ဆက်သွယ်ရေး မြေတူးကြိုးမြှုပ်သူများ မြေမြုပ်မိုင်းနင်းမိမှု ဖြစ်ပွားပြီး တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

06 May 2016     1,427 Views


ကချင်ပြည်နယ်အတွင်း မေ ၂ ရက် နှင့် ၃ ရက်တွင် တယ်လီနော မြေအောက်တူးသူများ မြေမြှုပ်မိုင်းနင်းမိမှု ဖြစ်စဉ်တို့ နှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ မေ ၂ ရက်ဖြစ်စဉ်တွင် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာတွင် အနောက်ဘက် လေးမိုင်ခန့်အကွာတွင် မြစ်ကြီးနား လယ်ကုန်းရပ်ကွက် စစ်ရှောင်စခန်းမှ ဦးရှဒန်ဂျတ်နော် (၄၈ နှစ်) သည် စစ်မဖြစ်ခင်က လုပ်ကိုင်ခဲ့သော ဒညှင်းခြံဟောင်းအား သွားရောက်စဉ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ယာဘက်ခြေထောက် ခြေသလုံးအလယ်မှ ပြတ်ထွက် ဒဏ်ရာ ရရှိခဲ့ပြီး မေ ၄ ရက်တွင် မြစ်ကြီးနား ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

မေ ၃ ရက်တွင် ည ၁၁ နာရီခန့်တွင် ၀ိုင်းမော်မြို့မှ သုံးမိုင်ခန့်အကွာ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးဘေးရှိ ၀ါရှောင်ဆည် မြောင်းပေါင်ပေါ်တွင် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီမှ မြေတူးကြိုးမြှုပ် အလုပ်သမား သုံးဦးသည် ဖုန်းပြောပြီးနောက် ဖိုခုံလောက်ဆိုင် ထိုင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး မောင်ဇင်မင်းထွန်း (၁၈ နှစ်)၊ ဥယာဉ်ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ် နေသူမှာ မျက်နှာယာဘက်ခြမ်း၊ ရင်ဘတ်၊ ၀ဲ/ယာခြေထောက် နှစ်ဖက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့သည်။ မောင်ကျော်သူ၊ (၁၈)နှစ် ဥယာဉ်ကျေးရွာ ကျောက်ပန်းတောင်းမြို့နယ် နေသူမှာ ၀ဲ/ယာခြေနှစ်ဖက် ဒူးခေါင်းအောင်ပြတ်၊ ယာလက်ကောက်ဝတ်ပြတ်၊ မျက်နှာ၊ ရင်ဘတ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီးကြောင်း၊ မောင်အေးမင်း အသက် (၁၈ နှစ်)၊ ဥယာဉ်ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့ နေသူမှာ ၀ဲ/ယာ ခြေနှစ်ဖက် မိုင်းစဒဏ်ရာများ၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်တို့တွင် မိုင်းစ ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။

မိုင်းပေါက်ကွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး သတိပြန်လည် ရရှိလာသည့် မောင်အေးမင်းက "သုံးယောက်စလုံးက ဆည်ပေါင်မှာထိုင်ပြီး စကားပြောနေကြတာ။ မျက်နှာချင်း သုံးပွင့်ဆိုင်ပေါ့။ ကျွန်တော်လည်း ဖုန်းချပြီးရော ၀ုန်းခနဲ ပေါက်ကွဲတာ" ဟု ပြောကြားသည်။ ကချင်ပြည်နယ် ပထမတန်းရဲမှူးကြီး မျိုးသူရအောင်က "မိုင်းကအသစ်လား။ အဟောင်းလား မကွဲဘူး။ ဆည်မြောင်းပေါင်ပေါ်ဆိုတော့ လယ်ယာလုပ်ငန်းနဲ့လည်း နီးတာပဲ။ မိုင်းကွဲတာ ရက်ဆက် နှစ်ကြိမ်ကွဲသွားတာ။ တစ်ဦးသေပြီး သုံးဦး ဒဏ်ရာရတာပါ။ ဆည်မြောင်းပေါင်ပေါ်မှာ ကွဲတာက ဘယ်လိုကြောင့်ဆိုတာ မသိရသေးဘူး" ဟု ပြောကြားသည်။

Credit ; http://news-eleven.com/


06 May 2016     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS