BEC-TERO TV

မပေါက်ကွဲသေးသော အမြောက်ဆံများ တောင်ယာထဲသို့ မကြာခဏ ကျလာသဖြင့် ဒေသခံများစိုးရိမ်

06 May 2016     2,015 Views


ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄) တန်းမြင့် စစ်သင်တန်းကျောင်းမှ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်ရာတွင် ပစ်မှတ်ကျော်ပြီး မပေါက်ကွဲသေးသော လက်နက်ကြီး ကျည်များမှာ တောင်ယာထဲသို့ မကြာခဏ ကျလာသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။ မပေါက်ကွဲသေးသည့် ၇၃ မမ ကျည် နှစ်တောင့်မှာ ကေးလျားကျေးရွာသွား လမ်းဘေးအနီးရှိ တောင်ယာပေါ်တွင် လည်းကောင်း၊ လောခု့ခူးကျေးရွာ တောင်ယာပေါ်တွင် လည်းကောင်း တောင်ယာသွားသည့် တောင်သူတစ်ဦးက ဧပြီလတတိယပတ်တွင် တွေ့ရှိသဖြင့် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ ဦးဆောင်၍ စစ်သင်တန်းကျောင်းသို့ အကြောင်းကြားသဖြင့် ဖောက်ခွဲပေးမည် ဖြစ်ကြောင်း သိရသည်။

"ဒီအမှတ် (၁၄) စစ်သင်တန်းကျောင်းက တာဝန်ခံမှု တာဝန်ယူမှု မရှိဘဲနဲ့ ဒီပစ်မှတ်ကို ကျော်ပြီးကျလာတဲ့ အချိန်မှာ သူတို့မှာ တာဝန်လုံးဝရှိတယ်။ ဒီလိုက တစ်ခါတည်းနဲ့ ဖြစ်တာလည်း မဟုတ်ဘူး အရင်က ခဏခဏ ဖြစ်တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ အရင်စစ်အစိုးရ လက်ထက်မှာ ဘ၀လုံခြုံမှုဆိုတာ အရမ်းနည်းခဲ့တယ်။ အခုလည်း သိပ်မကွာပါဘူး" ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ခူးတူရယ် မေ ၅ ရက်တွင် သွားရောက်ကွင်းဆင်း လေ့လာပြီးနောက် ပြောကြားသည်။ အမှတ် (၁၄) တန်းမြင့် စစ်သင်တန်းကျောင်းမှာ လောဂျာ၊ လောခုခူ၊ ဒေါတထော၊ ခူးရားခူး၊ ဒေါလောခူ၊ မာခရှော်ရှေ့ စသည့် ကျေးရွာများ၏ အလယ်တွင် တည်ရှိပြီး တစ်ဖာလုံသာဝေးသော ဒေါလောခူကျေးရွာမှာ အနီးဆုံးဖြစ်၍ ကယားတိုင်းရင်းသားများသာ နေထိုင်သော ကျေးရွာများ ဖြစ်သည်။ "ကျွန်မမောင်လေးက နွားသွားကျောင်းတော့ တောင်ယာထဲ တွေ့တယ်ကော။

ဒါကို အဖေကို လာပြောပြတယ်လေ။ အဖေက ကလေးတွေ နွားတွေထိမိပြီး ပေါက်ကွဲမှာစိုးလို့ မြောင်းထဲထည့်လိုက်တယ်" ဟု လောဂျာ ကျေးရွာနေသူတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ကျည်ဆန်ကြီးများ တောင်ယာထဲ ကျနေသည်ကို မေ ၅ ရက်တွင် စစ်သင်တန်းကျောင်းမှ ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးက လာရောက်၍ ထိုကျည် အမျိုးအစားမှာ လွဲပစ်မိပါက ပေါက်ကွဲ၍ အန္တရာယ် ရှိနိုင်ကြောင်း၊ ယမ်းများယူဆောင်၍ ဖောက်ခွဲပေးမည်ဖြစ်၍ စိုးရိမ်မှုမရှိရန် လောဂျာရွာသားများအား ပြောကြားသည်။ အမှတ် (၁၄) စစ်သင်တန်းကျောင်းမှာ ၂၀၁၁ ခုနှစ် မေလတွင် ကယားတိုင်းရင်းသားများ၏ ဘိုးဘွားပိုင် တောင်ယာ ၃၂၅၇ ဧကအား သိမ်းယူပြီး တည်ဆောက်ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၁၉၉ ဒသမ ၈၆ ဧကအား ပြန်လည်စွန့်လွှတ် ပေးခဲ့ကြောင်း သိရသည်။

Credit ; http://news-eleven.com/


06 May 2016     2,015 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS