ဘုန်းကြီးကျောင်းဝင်းအတွင်းက ကျားများ ထိုင်းအစိုးရက ဖယ်ရှားတော့မည်
04 May 2016 1,581 Views

ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနာဘူရီ ခရိုင်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ကျားများကို မွေးမြူလေ့ကျင့်ပြီး ခရီးသွား များကို ဆွဲဆောင်တဲ့လုပ်ငန်း လုပ်ဆောင်နေခြင်းဟာ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးထိခိုက်စေတဲ့ အပြင် တိရစ္ဆာန်အခွင့် ရေး ဆုံးရှုံးနေပြီး တရားမ၀င်တိရစ္ဆာန် ရောင်းဝယ်မှုများ ရှိနေတယ်လို့ စွပ်စွဲမှုများထွက်ပေါ်လာပြီးနောက် ထိုင်းအစိုးရက ယင်းကျားကျောင်းကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။ လွန်ခဲ့သည့် ၁၅ နှစ်က ဒဏ်ရာရထားတဲ့ ကျားတကောင်ကို ဘုန်းကြီးထံ လာရောက် လှူဒါန်းခဲ့ရာက ကျားကို ကျွေးမွေး စောင့်ရှောက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ တခြား ကျားများလည်း သူတို့ဘာသာ ရောက်ရှိလာကာ ကျားကောင်ရေ ၆ ကောင် အထိ တိုးလာခဲ့တာ လို့ သိရပါတယ်။ ယင်းကျားကျောင်းကို နိုင်ငံခြားသား လာရောက် လည်ပတ်သူလည်း များပြားလာပြီး တနှစ်ကို ဒေါ်လာ ၅ ဒသမ ၇ သန်း ၀င်ငွေရှိတဲ့ အပြင် သန်းနဲ့ချီတဲ့ လှူဒါန်းငွေများလည်း ရရှိနေတယ်လို့ သဘာဝန်းကျင်ရေးရာ အရာရှိက ပြောပါတယ်။
အစိုးရ အနေနဲ့ ကျားတွေကို မွေးမြူခြင်း မပြုရန်နဲ့ နိုင်ငံခြားသား ခရီးသွားများဆီက ငွေကြေးကောက်ယူခြင်း မပြုဖို့ အပြင် ကျားတွေကို အစာကျွေးခွင့် မပြုဖို့လည်း ညွှန်ကြားထားပေမယ့် ကျားကျောင်းက လက်မခံပါဘူး။ ကျားကျောင်းက သားရဲကျားတွေနဲ့ ကျား အစိတ်အပိုင်းတွေကို တရားမ၀င် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ အချက်ကို ငြင်းဆိုထားပြီး၊ ကျားတွေဟာ ကျောင်းဝင်ထဲမှာပဲ မွေးဖွားလာကြတာ ဖြစ်တယ်လို့ ပြေဆိုပါတယ်။ ယမန်နှစ်က အစိုးရက ရှောင်တခင် ၀င်ရောက် စစ်ဆေးရာမှာတော့ အောက်ချင်းငှက် ၈ ကောင်၊ အာရှဝက်ဝံနက် ၆ ကောင်နဲ့ တခြား ကန့်သတ်ထားတဲ့ တိရစ္ဆာန်များ တွေ့ရှိခဲ့တယ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းဆီး ကျားကောင်ရေ ၂၀၀၀ လောက်ရှိပြီး ဘင်္ဂလားကျား၊ အင်ဒိုချိုင်းနားကျားမျိုးနွယ်များ ဖြစ်ပါတယ်။ အင်ဒိုချိုင်းနား ကျားကောင်ရေ ၁၈၉ လောက်သာ ထိုင်းနိုင်ငံ သစ်တောတွေထဲမှ ကျက်စားနေပါတယ်။ မြန်မာနိုင်ငံ နယ်စပ်နဲ့လည်း နီးကပ်နေတဲ့ အဆိုပါ ဘုန်းကြီးကျောင်းကို ပိတ်ပစ်ရန် ထိုင်း အစိုးရက ကြိုးပမ်းနေ သော်လည်း ဘာသာရေး ဘုရားကျောင်းဝင်း ဖြစ်နေသည့် အချက်နှင့် သားရဲတိရစ္ဆာန်များ ဆိုသည့် အချက်များကြောင့် ပိတ်ရန် အခက်အခဲများနဲ့ ရင်ဆိုင်နေရတာလို့ သိရပါတယ်။
Credit ; IrrawaddyBurmese