အမှိုက်ကဖြစ်တဲ့ ရွှေ
28 Mar 2016 1,455 Views

တိုနီလို့လည်း သိကြတဲ့ ကို Cin Lamh Thang ဟာ ဒလမြို့က အမှိုက်တွေကို လက်မှုပစ္စည်းအဖြစ် ပြန်လည်ဖန်တီးတဲ့ ဆိုင်လေးကို ကူညီပေးနေသူတစ်ဦး ဖြစ်ပါတယ်။ ဆိုင်ရဲ့ အမိုးဟာ တာယာအဟောင်းတွေဖြစ်ပြီး နံရံတွေကလည်း အုတ်တွေအစား ပုလင်းတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အထဲမှာရှိတဲ့ မီးအုပ်ဆောင်းတွေကလည်း ပလတ်စတစ်အိတ်ဟောင်းတွေကို ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခန်းကို ပန်းတွေနဲ့လည်း အလှဆင်ထားပါသေးတယ်။ ဆိုင်မှာရှိတဲ့ ပစ္စည်းစင်ကို စက်ဘီးတာယာက ပြုလုပ်ထားတဲ့ ခါးပတ်ကြိုးနဲ့ ပြုလုပ်ထားပြီး ကော်ဖီမစ်ထုတ်အလွတ်တွေနဲ့ ပြုလုပ်ထားတဲ့ ခြင်းတောင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။
အခန်းရဲ့ တစ်ဝက်လောက်က အမျိုးသမီးတွေ စက်ချုပ်တဲ့နေရာ ဖြစ်ပါတယ်။ သူတို့ဟာ အအေးထည့်တဲ့ သတ္တုဘူးခွံ အဖုံးလေးတွေနဲ့ ဆွဲကြိုးတွေ ပြုလုပ်နေကြပြီး ဘီးတွေမှာတပ်တဲ့ ရာဘာကျုတွေနဲ့ ဒီဇိုင်းဆန်းတဲ့ ပိုက်ဆံအိတ်တွေ ချုပ်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ "ဒီ ဒီဇိုင်းက ဂရိကလေ"လို့ တိုနီက ရောင်စုံ လက်စွဲအိတ်ကြီးကို ပြရင်းပြောပါတယ်။ “ဒါက ကျွန်တော့်အကြိုက်ပါပဲ။ ဒီလိုမျိုးဒီဇိုင်းတွေက ကြည့်ရတာကောင်းပြီး ရိုးရှင်းပါတယ်" လို့ သူက ဆိုပါတယ်။ ပြခန်းနဲ့ အလုပ်ရုံတွဲဖွင့်ထားတဲ့ ဒီဆိုင်လေးက Chu Chu ပရောဂျက် အခြေစိုက်ရာနေရာ ဖြစ်ပါတယ်။ Chu Chu ပရောဂျက်ကို အီတလီအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်တဲ့ Cesvi ကနေ ပြုလုပ်တာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ လမ်းကြို၊ လမ်းကြားတွေမှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်တန်ဖိုးရှိအောင် ပြောင်းလဲဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Chu Chu ဆိုင်လေးဟာ ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလမြို့မှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့လက စတင်ဖွင့်လှစ်ချိန်ကစတင်ပြီး စွန့်ပစ်ပစ္စည်းတွေက ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ပုံမှန်လာဝယ်နေသူတွေ ရှိနေပြီလို့ ကိုတိုနီကပြောပါတယ်။ Chu Chu ဟာ အမှိုက်တွေကနေ လှပတဲ့ ထုတ်ကုန်တွေ ပြန်လည်ထုတ်လုပ်နေပြီး မိသားစုတွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုတန်ဖိုးရှိအောင် လုပ်မလဲဆိုတာနဲ့ သူတို့ ဖန်တီးထားတာတွေကို ပြန်လည်ရောင်းချဖို့နိုင်ဖို့ နေရာပေးခဲ့တာ အခုဆိုရင် နှစ် နှစ်ခန့်ရှိပြီလို့ သိရပါတယ်။
တိုနီနဲ့ သူ့မိခင်ဖြစ်တဲ့ ဝင်ဒီလို့လည်းသိကြတဲ့ ဒေါ် Cing Za Nuam တို့ဟာ ဆိုင်ရဲ့မြေကို ပိုင်ဆိုင်သူများဖြစ်ကြပြီး ဒီပရောဂျက်ရဲ့ ပထမဆုံး သင်တန်းသားတွေလည်း ဖြစ်ပါတယ်။ "စိတ်ကူးကတော့ အမှိုက်တွေကို ရှုထောင့်တစ်ဘက်ကနေ မြင်ဖို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ လက်မှုလုပ်ငန်းအပေါ် အာရုံစိုက်ခဲ့ကြတယ်"လို့ Chu Chu ကို စတင်လုပ်ဆောင်ခဲ့သူ Friedor Jeske ကဆိုပါတယ်။
Credit ; သတင်းစုံ